အမြို့မြို့အနယ်နယ်သတင်းများ

May 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၄း၁၅နာရီ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ကိုင်းဖျားကျိုးကျမှုနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်(၄၁) လုံး ပြိုကျခဲ့ပြီး လူနေအိမ်(၂၁၀) လုံး ဘုန်းကြီးကျောင်း (၅) ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
May 10,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့်နွားများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ပေါင်ပုပ်၊ လက်ပုပ်နှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် (၃) နာရီက ကုန်းကြီးကျေးရွာတွင် ထိုးနှံပေးခဲ့သည်။
May 10,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်အမှတ်(၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက် ရှိသည်။
May 10,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် (၈) နာရီက မြို့ပေါ်ရပ်ကွက်များတွင်လှည့်လည်နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။
May 10,2024
ဝန်ထမ်းတစ်ဦးခြင်း အရည်အသွေးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း(၂/၂၀၂၄)ကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။ 
May 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တုံကင်းကျေးရွာအုပ်စု၊ စမ်းဝကျေးရွာအုပ်စုနှင့် မြောင်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့ညနေ (၅) နာရီ (၄၅) မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
May 10,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မေလ (၈)ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကြီးဒိုးကျေးရွာ၌ လူနေအိမ် (၁၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 10,2024
၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်‌တော်ကောင်စီဝင်များ၊ နေပြည်‌တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။