ကျောက်ကြီး မေလ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေဗဟုသုတများ ကြွယ်ဝစေရန် ရည်ရွယ်ပြီး ယခုလိုစာအုပ်/စာစောင် ပြပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အလုပ်တာဝန်များဖြင့် မအားလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက်လည်း (Mobile Library) စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးလျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမြင့် ပြောကြားချက်အရ သိရသည်။
စာအုပ်စာစောင်ပြပွဲတွင် ကလေးစာပေများ၊ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသ၍ ကျောင်းသားလူငယ်များနှင့် လူငယ်/လူရွယ် (၃၀)ဦးခန့်က စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)