ဒဂုံတောင် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီ ၃၀ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်က အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အလေးထားလမ်းညွှန် ဆောင်ရွက်နေပါကြောင်း၊ မိမိရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသနေပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် စာပေဖတ်ရှုရန်လိုအပ်ကြောင်း ရပ်ကွက်စာကြည့်တိုက်များ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် ရပ်ကွက်စာကြည့်တိုက်များတွင် စာအုပ်စာစောင်နှင့် ပရိဘောဂလိုအပ်ချက်များ အဆောက်အဦ ပြင်ဆင်စရာရှိသည်များ တင်ပြနိုင်ကြောင်း စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော စာကြည့်တိုက်ကော်မတီဝင်များ ၊စာကြည့်တိုက်မှူးများအား လေးစားအသိအမှတ်ပြုပါကြောင်း ကျန်ရှိနေသော စာကြည့်တိုက်များအနေဖြင့် ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးကြပါရန် အလေးထားတိုက်တွန်းပါကြောင်း စသဖြင့်ဆွေးနွေးပြောကြားသည်။
ထိုနောက် တက်ရောက်လာသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စာကြည့်တိုက်ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက်အခြေအနေများ၊ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သန်းသန်းအေး(ပြန်/ဆက်)