မက်မန်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများ သင်ကြားနေမှုများအား လိုက်လံကြည့်ရှု အားပေး

မက်မန်း မေ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် စာသင်ဝိုင်းများ၏ သင်ကြားနေမှုအခြေအနေများအား ယမန်နေ့ မွန်လွဲပိုင်းအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော အောင်သံလွင်ကျေးရွာမူလတန်းကျောင်း၊ နမ့်ဟာနုကျေးရွာမူလတန်းကျောင်းတို့တွင် စာသင်ဝိုင်းသင်ကြားနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အဖွဲ့ဝင်များက သွားရောက်၍ သင်ယူနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုပြီး အရေး၊ အဖတ်၊ အတွက် တတ်မြောက်စေရေး ကြိုးစားသင်ကြားပေးရန်၊ သင်ကြားမှုကာလပြီးစီးပါက တတ်မြောက်မှုစစ်ဆေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် အားပေးခဲ့သည်။

မက်မန်းမြို့နယ်အတွင်းရှိ စာသင်ဝိုင်းများကို အခြေခံပညာကျောင်းများတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် စာရင်းရှိ စာသင်သားပေါင်း (၁၀၀၀)ဦးရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှထုတ်ဝေသော အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံ (မြန်မာစာ) ဘာသာရပ်နှင့် အခြေခံ (သင်္ချာ) ဘာသာရပ်များကို သင်တန်းကြီးကြပ်ဆရာ (၇) ဦး၊ နည်းပြဆရာ (၆၇) ဦး၊ စာသင်ဝိုင်း (၆၇) ဖြင့် စာသင်သား (၁၀၀၀) ဦး တက်ရောက်သင်ယူလျက်ရှိပြီး တစ်ရက် (၃) နာရီဖြင့် နာရီပေါင်း (၁၂၀)၊ ရက်‌ပေါင်း (၄၀) ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)