ကျောက်ပန်းတောင်းမြို့နယ်၌ မြေပဲဆံ တစ်ပိဿာ ၆၅၀၀ ကျပ်ဖြင့် ရောင်းချနေရ

ညောင်ဦး မေ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ မြေပဲဆန် ကြိတ်ခွဲရောင်းချချိန် တစ်တင်းလျှင် ၁၀၄၀၀၀ ကျပ် ရှိနေကာ မြေပဲစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် မိုးမြေပဲဖြစ်သည့် ပင်ထောင်မြေပဲ (သုံးလ) မြေပဲနှင့် ပင်ပြန်မြေပဲ (ခြောက်လ) မြေပဲနှစ်မျိုးစလုံးအား စိုက်ပျိုးကြကြောင်း သိရသည်။ ကျေးလက်တောင်သူများသည် ယမန်နှစ်က စိုက်ပျိုးခဲ့သည့် မြေပဲများ ယခုနှစ်တွင် ကြိတ်ခွဲရောင်းချခြင်း၊ ယခုနှစ်စိုက်ပျိုးရန် မျိုးကျန်ရောင်းချခြင်းများဖြင့် မြေပဲဆန်များ စတင်ရောင်းချလျက်ရှိရာ မြေပဲဆန်ဝယ်လက်ပွဲစားများက မြေပဲဆန် တစ်တင်း ၁၀၄၀၀၀ ကျပ်ပေးဝယ်နေကြကြောင်း၊ မြေပဲဆန်တစ်ပိဿာ ၆၅၀၀ ကျပ်ရောင်းချရပြီး မြေပဲဆန် တစ်တင်း ၁၆ ပိဿာရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၁၀၉)အုပ်၊ ကျေးရွာပေါင်း ၃၃၉ ရွာရှိကာ မိုးမြေပဲ စိုက်ပျိုးချိန် ကျေးရွာတိုင်း စိုက်ပျိုးကြကြောင်း၊ ကျေးလက်တောင်သူများသည် မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးလေ့ရှိကြပြီး စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးပေးသည့် မြေပဲမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း မနှစ်က မိုးလေဝသမှန်ကန်ပြီး မြေပဲအထွက်နှုန်းလည်း ကောင်းမွန်ခဲ့ကာ ယခုနှစ်တွင်လည်း မိုးရာသီစတင်ချိန် မြေပဲ၊ နှမ်း ဆီထွက်သီးနှံ စိုက်ပျိုးကြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြေပဲဆန်တစ်တင်း ၁၀၄၀၀၀ ကျပ်ရောင်းချနေရခြင်းဖြစ်က ကျေးလက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်နေခြင်းကလည်း တောင်သူများ မိုးမြေပဲ စိုက်ပျိုးရန် အင်အားတစ်ရပ်ဖြစ်စေကြောင်း တောင်သူများက ပြောကြား၍ သိရသည်။

ဒီပါလင်း