အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လည်ပိုင်း၌ အမှတ်(၈)ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 22,2021
ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယမန်နေ့မှစတင်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားမိဘ ပြည်သူများက အေးချမ်းစွာ လာရောက်ထုတ်ယူ လျက်ရှိကြောင်း သိရသည်။
Sep 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယ​မန်နေ့ နေ့လယ်(၃)နာရီအချိန်က အမှတ်(၁၂)ရပ်ကွက် ဓမ္မရိပ်သာကျောင်း၌ ပြုလုပ်ပြီး နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့​ကြောင်း သိရသည်။
Sep 22,2021
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ CP ကြက်ဥချောင်း စက်ရုံတွင် ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ စက်ရုံအတွင်းရှိ အလုပ်သမား (၃၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၆၀၀ အား အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်ပြီး ကောလင်းမြို့နယ်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများက ထိုးနှံပေးခဲ့သည်။
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်ပြည်သူများလျှပ်စစ်ဓါတ်အားပြည့်ဝစွာအသုံး ပြုနိုင်ရေး၊ လျှပ်စစ်ဓါတ်အား လျော့နည်း ပျောက်ဆုံးမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ငွေဆောင်မြို့၊ ၁၁ကေဗွီလိုင်းမြို့တွင်း ဖီဒါ၊ မြို့ပတ်လမ်းတစ်လျှောက် သစ်ပင်သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်း နှင့်လျှပ်စစ်ဓါတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ တာဝန်ရှိသူများက ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုများရှိ မိဘပြည်သူ များအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် ချင်းတွင်းမြစ်သာခန်းမ၊ ကိုင်းကျေးရွာ၊ သက္ကယ်ကျင်း ကျေးရွာ၊ ချင်းချောင်းကျေးရွာတို့ရှိ ဓမ္မာရုံနှင့် စာသင်ကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက်ပိုင်းက ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။