ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) အခမ်း အနားများကို စေတီတော်ရင်ပြင်ရှိ သာသနာ့ဇောတိကဓမ္မာရုံတွင် ယနေ့နံနက် ၅ နာရီမှစတင်၍ ကျင်းပသည်။ နံနက် ၅ နာရီတွင် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ ထို့နောက် မေတ္တာဘာဝနာပွားများခြင်း၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီအချိန်တွင် သီလပေးတရားပွဲ၊ နေ့လယ် ၁ နာရီအချိန်တွင် နေ့တရားပွဲများ ဆောင်ရွက်ခဲ့သည်။