လွိုင်လင် ဇူလိုင် ၂၁
ရှမ်းပြည်နယ်အစိုးရနှင့် လွိုင်လင်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသမှ ခေတ္တယာယီနေရပ်စွန့်ခွာလာသူများအား ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်များ ကူညီထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတဗိမာန်တော်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးနောက် ဩကာသ ကန်တော့ချိုးဖြင့် ကနိတော့ကြရာ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဆရာတော် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒမှ လှူဒါန်းမှုအစုစုတို့အတွက် ဩဝါဒ ချီးမြှင့်ပေးပါသည်။ ယင်းနောက် လွိုင်လင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်ကြရာ တပ်နယ်မှူးနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ထောက်ပံ့လှူဒါန်းသော ဆန် ၊ ဆီ ၊ ဆား နှင့် စားသောက်ကုန်များကို ခရိုင်စီမံအုပ်ချုပ်ရေးမှူးက ခေတ္တယာယီနေရပ်စွန့်ခွာပြည်သူများ ကိုယ်စား၊ လွိုက်လင်မြို့နယ် စီမံအုပ်ချုပ်ရေးမှူးနှင့် ပင်လုံမြို့အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြသည်။ ထို့နောက် ယာယီနေရပ်စွန့်ခွာလာကြသူများ ကိုယ်စားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဆရာတော် သံဃာတော်များအား ပြန်လည်ကန်တော့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်း၊ အခမ်းအနား တက်ရောက်သူများအား ထမင်းထုပ်နှင့် အာဟာရမုန့်များ ဝေငှခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများ၏ ထောက်ပံ့မှု စုစုပေါင်းမှာ ဆန်(၁၀၁)အိတ်၊ ဆီ (၁၉၉) ပိဿာ နှင့် လှူဒါန်းငွေ (၁၂၈ သိန်း ၅ သောင်း) ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး