ထန်းတပင်မြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သီတလာရာမ ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တသီလာစာရ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန့်တော့ခဲ့ကြ၍ အခမ်းအနားကို စတင်ခဲ့ကြကာ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိတာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစိန္တိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ်နာယူခဲ့ကြကြောင်းလည်း သိရသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သီတလာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရနှင့် သံဃာတော်အရှင်သူမြတ် (၉)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချတရားတော်မြတ် နာယူခဲ့ကြကာ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)