မှော်ဘီမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မှော်ဘီ၊ ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက မှော်ဘီမြောင်းတကာရှိ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ရပ်ကွက်ကျေးရွာများ၊ စက်ရုံများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ဝမ်းပျက်ဝမ်းလျှောကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေး ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေတွင်း၊ ရေလှောင်ကန်များတွင် ကလိုရင်း ဆေးခတ်ပေးခြင်း၊ အိမ်ပတ်ဝန်းကျင်များတွင် ထုံးဖြူးပေးခြင်း၊ သောက်သုံးရေများတွင် ရေသန့်စင်ဆေးပြားခတ်ပေးခြင်းများကို မှော်ဘီမြို့နယ် မြောင်းတကာအတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများ၊ ရပ်ကွက်ကျေးရွာရှိ နေအိမ်များ၊ အခြေခံပညာကျောင်းများ၊ စက်ရုံများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ စည်ပင်ပြည်သူ့ကျန်းမာရေးဌာနအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သောအဖွဲ့တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)