မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (၁) ခုနှင့် လေယာဉ်ကွင်းအသစ် (၁) ခုတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းအသစ်(၁)ခုနှင့် ဆိပ်ကမ်းအသစ် (၁) ခု တည်ဆောက်နိုင်ရေးအတွက်ဆောင်ရွက် လျက်ရှိရာစီမံကိန်းမြေစုစုပေါင်းဧရိယာ (၄၆၉၅.၅၈) ဧကကျယ်ဝန်းပြီးစီမံကိန်းတွင် အသုံးပြုမည့်လယ်ယာမြေနှင့် အခြားမြေများအတွက် လျော်ကြေး/နစ်နာကြေးများ ပေးလျော်ထားပြီဖြစ်ကြောင်း၊ လေယာဉ်ကွင်းစီမံကိန်းတွင် အသုံးပြုမည့်မြေများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အသုံးပြုခွင့် အမြန်ရရှိရေးအတွက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်ပတ်သက်ပြီး လျော်ကြေးပေးချေခြင်း၊ မြေယာပိုင်ဆိုင်မှုဆောင်ရွက်ခြင်းများအတွက် မြေယာလုပ်ထုံးလုပ်နည်း များနှင့်အညီ အမြန်ပြီးပြတ်အောင် သက်ဆိုင်ရာဌာနများနှင့်အုပ်ချုပ်ရေးအဖွဲ့တို့အား ညွှန်ကြား ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။