ချောင်းဦးမြို့နယ်တွင် ဝိုင်အက်စ်အာဝမ်း(YSR-1)စပါးမျိုးသစ်များ အောင်မြင်ဖြစ်ထွန်း

ချောင်းဦး နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ဝိုင်အက်စ်အာဝမ်း(YSR-1) စပါးမျိုးသစ်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် ဝိုင်အက်စ်အာဝမ်း (YSR-1)စပါးမျိုးသစ်ကို ဧက(၅၀)စိုက်ပျိုးထားရှိရာ ၎င်းစပါးမျိုးသည် အပင်ဖြစ်ထွန်းမှုအားကောင်းပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း၊ ဒေသရေမြေနှင့် သင့်တော်ပြီး အပင်ယိုင်လဲမှုမရှိခြင်း၊ သက်တမ်းအားဖြင့် မိုးစပါးတွင်(၁၂၀)ရက်၊ နွေစပါးတွင် (၁၂၅)ရက်ရှိသဖြင့် အသက်လျင်ပြီး စားသုံးရာတွင် အရည်အသွေးကောင်းမွန်ခြင်းနှင့် တစ်ဧကလျင်(၁၂၅)တင်းထိ ထွက်နိုင်သဖြင့် အထွက်နှုန်းကောင်းသဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်လုပ်ထားသည့် စပါးမျိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။

ဝိုင်အက်စ်အာဝမ်း(YSR-1) စပါးမျိုးသစ်ကို (၅၀)ဧကစိုက်ပျိုးထားရှိရာ ယခုအချိန်တွင် သက်တမ်း(၉၅)ရက်ရှိပြီး အပင်အမြင့်(၃)ပေခွဲခန့်ရှိသည်။ ပင်ပွားအားကောင်းပြီး နှံစချောကာ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိသဖြင့် လာမည့်နှစ်တွင် မျိုးသန့်ရွေးပြီး ပြည်လည်စိုက်ပျိုးသွားမည် ဖြစ်သည်။ ဝိုင်အက်စ်အာဝမ်း(YSR-1) စပါးမျိုးများကို ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ပေးအပ်ခဲ့ပြီး လိုအပ်သည့်ပံ့ပိုးမှုများနှင့် နည်းပညာများ အကူအညီရသဖြင့် ကျွန်တော်တို့ တောင်သူများအတွက် များစွာအကျိုးရှိကြောင်း ဝိုင်အက်စ်အာဝမ်း(YSR-1)စပါးမျိုး (၅)ဧက စိုက်ပျိုးထားသည့် ထူးနီကျေးရွာနေ တောင်သူတစ်ဦးထံမှ သိရှိရသည်။

ထိန်လင်း(ပြန်/ဆက်)