လွိုင်ကော် နိုဝင်ဘာ ၉
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့်တော်များ တက်ရောက်ခဲ့ကြသည်။
အလှူတော်မင်္ဂလာကို ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ် အစချီသော ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြသည်။ ထို့နောက် ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံသို့ လည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက ရွှေကျောင်းကျောင်းတိုက်ဆရာတော်ထံသို့ လည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်က ရတနာသီရိ တောင်ပေါ်ကျောင်း ဆရာတော်ထံသို့ လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကြွရောက်လာကြသည့် ကျောင်းတိုက် ဆရာတော်များထံသို့လည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကျောင်းတိုက်များသို့လည်းကောင်း အသီးသီးကပ်လှူပူဇော်ခဲ့ကြသည်။
ကထိန်အမေးအဖြေများကို လွိုင်ကော်မြို့ သံဃနာယကအဖွဲ့ တွဲဖက်အကျိုး တော်ဆောင် မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမနနှင့် လွိုင်ကော်မြို့ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် လောဓမ္မကျောင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာနန္ဒတို့က ကထိန်ခင်းခြင်းကြောင့်ရရှိသော အကျိုးအာနိသင်များကို မေးမြန်းလျှောက်ထားခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယခု အလှူတော်မင်္ဂလာသည် (၃၅)ကြိမ်မြောက်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပဒေသာပင် (၅၆) ပင်ကို စုပေါင်းလှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ငွေကျပ် (၈၉၀၇၃၃၀၀)အား လှူဒါန်း ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)