ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများနှင့် ကုသိုလ်ဒါနပြုလုပ်သူများဖြင့်စည်ကား
Aug 01,2023
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာနေ့) နံနက်ပိုင်းတွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုးများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူများ၊ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမှုပြုကြသူများဖြင့် စည်းကားလျက်ရှိသည်၊၊ ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော် မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများတည်ရှိရာမြို့လည်းဖြစ်သောကြောင့် ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများသည် ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများကပ်လှူခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြုကုသိုလ်ယူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုရားဝန်းအတွင်းရောင်းချထားသော အမှတ်တရပစ္စည်းများဝယ်ယူခြင်း၊ စားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်၍ အပန်းဖြေ အနားယူခြင်းတို့ဖြင့် အသီးသီးလာရောက် ကုသိုလ်ယူကြသည်ကို တွေ့ရသည်။