ကျောင်းကုန်း ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝါဆိုလဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ဆရာဒကာကျောင်းဖြစ်သည့် မှော်သေးပညာရာမိကကျောင်းတိုက်၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ မှော်သေးပညာရာမိကကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ သူရိယ ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ကြပြီး၊ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစု စုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် တိုက်နယ်ဆရာ ဝန်များ၊ ကုသ ရေးဦးစီးဌာနဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ ဆက်)