ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် တံခွန်တိုင်တည်ဆောက်ခြင်း ဆောင်ရွက်
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့လယ်တွင်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောမဟာ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် တံခွန်တိုင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက်မှ ရွှေမုဌောဘုရားသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။ စေတီတော်သမိုင်းအဆိုအရ ရွှေမုဋ္ဌောဘုရားကို သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်၊ တပေါင်းလပြည့်နေ့ လငပုပ် ဖမ်းသောအခါတွင် သီရိဓမ္မာသောကမင်း တည်သည်ဟု ဆိုသည်။ သီရိဓမ္မာသောကမင်းလက်ထက် တည်စက ရွှေအာဏာစေတီဟုတွင်၍ ၄၅၇ ခုနှစ်တွင် အလောင်းစည်သူမင်းကြီး ပြန်လည်ပြုပြင်ပြီးသောအခါ ထူပါရုံ စေတီဟု သမုတ်သည်။ ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ပြီးသောအခါမှ ရွှေမုဋ္ဌောစေတီဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။