မိုင်းငေါ့မြို့ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကာကွယ်ရေးပစ္စည်းများ သွားရောက် လှူဒါန်း

မိုင်းငေါ့ ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် Mask နှာခေါင်းစည်း(၁၄) ဘူး၊ Hand Gel (၁၂) ဘူး၊ ခြင်ထောင်အလုံး (၁၀၀) စသည့် ကာကွယ်ရေး ပစ္စည်းများကို ဌာနဆိုင်ရာ စုပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ခန့်က သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီ တိုက်ပွဲ ရှောင်ပြည်သူများမှာ  ဇွန်လ ကုန်ပိုင်းတွင် တော့ဆန် ကျေးရွာ၌ တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့်  တော့ဆန်‌ကျေးရွာ အုပ်စု ညောင်မောင်း ကျေးရွာမှ အိမ်ထောင်စု (၇၈)စု၊ လူဦးရေ(၂၅၇)ဦး၊ ကလောဝမ်းကျေးရွာမှ အိမ်ထောင်စု (၃၄)စု လူဦးရေ (၉၇)ဦး၊ တော့ဆန် ကျေးရွာမှ အိမ်ထောင်စု (၅၉)စု လူဦးရေ (၁၄၄)ဦး၊ ဈေးရပ်ရွာမှ အိမ်ထောင်စု (၁၁)စု လူဦးရေ (၃၀)ဦး၊ ပါခါး ကျေးရွာမှအိမ်ထောင်စု (၂၁)စု လူဦး ရေ (၇၀)‌ ဦး၊ ဇာတိတောင်ရွာ၊ ဇာတိ မြောက်ရွာ၊ ပန်ဟူရွာမှ အိမ်ထောင်စု (၁၇) စုလူ  ဦးရေ (၅၄) ဦး စုစုပေါင်း ကျေးရွာ(၈) ရွာ အိမ်ထောင်စု(၂၂၀)စု၊ လူဦးရေ(၆၅၂)ဦးတို့မှာ ဇူလိုင်လ ၁ ရက်နေ့တွင် မိုင်းငေါ့မြို့သို့ ရောက်ရှိလာခဲ့သဖြင့် မိုင်းငေါ့မြို့ရှိ ကွန်ကောက်ကျေးရွာ အောင်သုခဘုန်းကြီးကျောင်း၊ မန်ပင့်(အ.မ.က) ကျောင်း၊ ရှမ်းစာပေကျောင်း၊ နမ့်ဆွန်မွေတော်ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံလျက်ရှိကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)