ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးရင်ပြင်တော်တွင် တံခွန်တိုင်တည်ဆောက်ခြင်း ဆောင်ရွက်

ပုသိမ်   ဇူလိုင်   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့လယ်တွင်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောမဟာ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် တံခွန်တိုင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက်မှ ရွှေမုဌောဘုရားသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။ စေတီတော်သမိုင်းအဆိုအရ ရွှေမုဋ္ဌောဘုရားကို သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်၊ တပေါင်းလပြည့်နေ့ လငပုပ် ဖမ်းသောအခါတွင် သီရိဓမ္မာသောကမင်း တည်သည်ဟု ဆိုသည်။ သီရိဓမ္မာသောကမင်းလက်ထက် တည်စက ရွှေအာဏာစေတီဟုတွင်၍ ၄၅၇ ခုနှစ်တွင် အလောင်းစည်သူမင်းကြီး ပြန်လည်ပြုပြင်ပြီးသောအခါ ထူပါရုံ စေတီဟု သမုတ်သည်။ ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ပြီးသောအခါမှ ရွှေမုဋ္ဌောစေတီဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။

ရွှေမုဌောမဟာစေတီတော်မြတ်ကြီး တည်ထားခဲ့စဉ်အခါက တံခွန်တိုင်များကို လေးနေရာစိုက်ထူခဲ့ ကြောင်း ဘုရားဂေါပကအဖွဲ့မှသိရှိရပြီး အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်ခဲ့ရာ စေတီတော် မြတ်ကြီးအား ကြည်ညိုကြသူအများက စုပေါင်း၍တည်ထားရန် ပြောဆိုမှုများကြောင့် ယခုဆိုလျှင် ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်ခင်လှမြင့်(ညွှန်ကြားရေးမှူး)၊ ပုသိမ် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းမိသားစုနှင့် ခရိုင် အတွင်းရှိ မြို့နယ် ၇ မြို့နယ်တို့မှ အုပ်ချုပ်ရေးအဖွဲ့များ၊ ရွှေဟိန်းထက်ကုမ္ပဏီမိသားစုများမှ စုပေါင်း၍ငွေကျပ်သိန်း ၈၀ မတည်လှူဒါန်းခဲ့ကြပြီး၊ တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်မှုရာ ခိုင်နှုန်း ၇၅% ပြီးစီးနေပြီဖြစ်သည်။

ယနေ့အထိ အလှူရှင်အသီးသီးမှ လာရောက်လှူဒါန်းလျက်ရှိနေပြီး အကြမ်းတွက်ချက်မှုအရ ငွေကျပ်သိန်း ၃၀၀ ကျော်ကုန်ကျမည်ဟုသိရသည်။ ယခုကာလသည် COVID- 19 ရောဂါ ဖြစ်ပွား ပျံ့နှံ့မှုကြောင့် ဘုရားဖူးဧည့်သည်များ လာရောက်မှု နည်းပါးလျက်ရှိကာ ဆောက်လုပ်လျက်ရှိသည့် ဗိသုကာအဖွဲ့မှ အချောသတ် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဟန်(ပြန်/ဆက်)