ပြည်ထောင်စု တိုင်းရင်သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှင့် ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့(၅)နှစ်သင်တန်းဝင်ခွင့်စာမေးပွဲ ဖြေဆို

ဟိုပန် ဇူလိုင် ၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း) ပထမနှစ်ဝိဇ္ဇာသိပ္ပံနှင့် အေဂျီတီအိုင်သင်တန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed)(၅)နှစ် သင်တန်းအမှတ်စဉ်(၉) သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ပြုလုပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး ဝင်ခွင့်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများကို အားဖြည့်အချိုရည်များ ပေးအပ်ခဲ့သည်။

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့်အေဂျီတီအိုင်သင်တန်းသို့ ကျား(၈)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၄)ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့(၅)နှစ်သင်တန်းသို့ ကျား(၃)ဦး၊ မ(၅)ဦး၊ ပေါင်း(၈)ဦးဖြေဆိုခဲ့သည်။

ဆက်လက်၍ “ဝ”တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသည် Clean and Green အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် နမ့်ဆောင်ချောင်း သဲနုန်းဆယ်ယူခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ခရိုင်လမ်းဦးစီးဌာနမှ ဦးလင်းအောင်(လက်ထောက်ညွှန်ကြားရေးမှူး)က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သိန်းအောင် ပြန်/ဆက်