မူဆယ် ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်နှင့် အစားအသောက် ပြုလုပ်ရောင်းချသည့် ဆိုင်များအားလုံး Take-away (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချသွားရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဇူလိုင်လ(၃) ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၀၀) ကျော်နှင့် သေဆုံးသူများလည်း ရှိနေပြီဖြစ်သည့်အတွက် ဒေသတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲလာသော ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက် လည်းကောင်း၊ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်၊ ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန် လိုအပ်သဖြင့်လည်းကောင်း ယင်းကြေငြာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းကို မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် မူဆယ်မြို့နယ် စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင် (အအေးဆိုင်၊ အကင်ဆိုင်၊ ခေါက်ဆွဲဆိုင်နှင့် အစားအသောက်ပြုလုပ်ရောင်းချလျက်ရှိသော) ဆိုင်များအားလုံး (၅-၇-၂၀၂၁)ရက် နေ့မှစ၍ ဆိုင်ထိုင်စားသောက်ခြင်းစနစ်ကို လုံးဝ(လုံးဝ)မပြုလုပ်ဘဲ Take-away(ပါဆယ်) စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် မူဆယ်မြို့နယ် Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ အထက်ပါ ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းမရှိသော ဆိုင်များအား ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရသော်လည်းကောင်း၊ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့်ကြေငြာချက်များ ပါရှိကြောင်း သိရသည်။
စန်းစန်း(မူဆယ်)