ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်
Jul 28,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်၊ ကွက်သစ်ကျေးရွာနှင့် ရင်းငြိမ်တောင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်များနှင့် သာသနိကအဆောက်အအုံတို့အား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံအချို့နှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုအခြေအနေတို့အပေါ် ပြန်လည်နေရာချထားနိုင်ရေးအတွက် အလှူငွေများနှင့် အိမ်ဆောက်ပစ္စည်းများ လာရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ လျော့နည်းစေရေးနှင့် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများကိုလည်း ဂရုပြုဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း၊ အလှူငွေများထည့်ဝင်လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။