ထားဝယ် ဇူလိုင် ၂၈
ဥပဒေအသိပညာပေးဟောပြောပွဲအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်တက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မကြာခင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည် ဖြစ်သည့်အတွက် မဲဆန္ဒရှင်များဖြစ်ကြသည့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲစနစ်များအကြောင်းသိသင့်သလိုစတင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) နှင့် မဲဆန္ဒပြုသောအခါတွင် လုပ်ဆောင် ရမည့်အချက်များနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီးဥပဒေချုပ် က ဟောပြောဆွေးနွေးမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမယ့် (Proportional Representation-PR) စနစ်အကြောင်းလည်း ရှင်းပြမှာဖြစ်ကြောင်း၊ မဲဆန္ဒပြုသည့်အခါတွင် အရင်လိုအမှန်၊အမှားခြစ်ခြင်း၊ လက်သန်းဖြင့်မင်တို့ မဲပေးခြင်း၊ UEC တံဆိပ်တုံး ထုခြင်း တို့မဟုတ်ဘဲ မဲပေးစက် နှင့် မဲပေးရမည်ဖြစ်ကြောင်း၊ မဲပေးစက်ဖြင့် မဲပေးခြင်းကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၄)နိုင်ငံက ကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံ အခြေအနေနှင့်ကိုက်ညီအောင် တီထွင်ထားကြောင်း၊ မဲပေးစက်သည် ရိုးရှင်းပြီး၊ မဲပေးသည့်အခါတွင်လွယ်ကူပြီး ပွင့်လင်းမြင်သာမှုရှိသော မဲရေတွက်မှုများကိုစနစ်တကျ ဒီဇိုင်းထုတ်ထားသည့်အတွက် မည်သူမျှ မဲရလဒ်များကို လိုသလို ချက်ခြင်းပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံရေး အရွေ့တစ်ခုကို ဖော်ဆောင်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲဖြင့်သာ အများဆန္ဒဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အရောက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဟောပြောဆွေးနွေးမည့် အကြောင်းအရာများသည် မိမိအတွက်မိမိပတ်ဝန်း ကျင်အတွက်သိသင့်သိထိုက်သော ရွေးကောက်ပွဲဥပဒေ အသိပညာများဖြစ်သည့်အတွက် တန်ဖိုးရှိသော ဥပဒေဗဟုသုတများ ရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းသန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ (၃)ရပ် ဖြစ်သည့် ဥပဒေပြုရေး၊အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးတို့ကိုပိုင်းခြား ကျင့်သုံးပုံ၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းခြင်း၊ ပြည်သူ့ လွှတ်တော်ဖွဲ့စည်းခြင်း၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ရွေးကောက်ပွဲအကြောင်းတို့ကို ဟောပြောဆွေးနွေးသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် နှင့်ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)