အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းတွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)မှ ဉီးဆောင်ပြီး မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုဖြင့်၂၈-၆-၂၀၂၁ ရက်နေ့မှ ၂၂-၇-၂၀၂၁ရက်နေ့အထိ ပြည်သူများသို့ အခမဲ့ ဆန်ဖြန့်ဝေမှုကို ယမန်နေ့ကပြီးစီးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းထံမှ သိရပါသည်။
Jul 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  တံတားကျိုးကျမှု ယနေ့ နံနက်(၈) နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် အောက်ဆီဂျင် လိုအပ်သူများအတွက် မြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းက မြို့ပေါ်ရပ်ကွက်များတွင် အလှူငွေများ ကောက်ခံလျက်ရှိရာ စေတနာရှင် အလှူရှင်များ၊ ဆရာတော်သံဃာတော်များနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများက ပါဝင်လှူဒါန်းကြရာ ယနေ့အထိ ငွေကျပ် သိန်း ၆၀ ကျော်ခန့် အလှူခံရရှိပြီးဖြစ်ကြောင်း သိရသည်။
Jul 23,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ဇူလိုင်လ(၁၈)ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေနှင့်မြစ်ရေလျှံမှုဖြစ်ပေါ်ကာ မော်တော်ကားလမ်းပေါ်သို့ ရေကျော်လွှမ်းခဲ့ပြီး ကားလမ်းပေါ်ရှိတံတားတစ်စင်းမှာလည်း (၃)ပေခန့် ရေကျော်နစ်မြုပ်ခဲ့ပြီး ဆိုင်ကယ်နှင့် မော်တော်ကားငယ်များ ဖြတ်သန်းသွားလာရန် မလွယ်ကူကြောင်းသိရသည်။
Jul 23,2021
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံနှင့်တပ်မတော်ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အလှူရှင်များက ဝယ်ယူလှူဒါန်းသည့်  အောက်ဆီဂျင်အိုးများသည် ထိုင်းနိုင်ငံ၊ ထီးခီးနယ်စပ်မှ တစ်ဆင့်  ထားဝယ်မြို့၊ အာယုဒါနအောက်ဆီဂျင်ထုတ်စက်ရုံသို့ ရောက်ရှိကာ အဆိုပါစက်ရုံတွင် ထားရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျ ထံမှ သိရသည်။
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပန်း​တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပန်းတောင်းမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။