ပန်းတောင်း ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပန်းတောင်းမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါနေ့က မြို့ပေါ်လူစည်ကားရာနေရာများဖြစ်သည့် ပန်းတောင်းမြို့ ပေါ်အတွင်းနှင့် မြစစ်ကိုင်းကျေးရွာစည်သာရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေ အကွာမှ ခပ်ခွာခွာနေရန်၊ (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂ဝ) ကြာအောင် စနစ်တကျဆေး ကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင် တွယ်ခြင်းမပြုလုပ်ရန် စသည့် သတိထား လိုက်နာရမည့်အချက်များကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။