ပွင့်ဖြူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် အောက်ဆီဂျင် လိုအပ်သူများအတွက် မြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းက မြို့ပေါ်ရပ်ကွက်များတွင် အလှူငွေများ ကောက်ခံလျက်ရှိရာ စေတနာရှင် အလှူရှင်များ၊ ဆရာတော်သံဃာတော်များနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများက ပါဝင်လှူဒါန်းကြရာ ယနေ့အထိ ငွေကျပ် သိန်း ၆၀ ကျော်ခန့် အလှူခံရရှိပြီးဖြစ်ကြောင်း သိရသည်။
“ယခု ဖြစ်ပွားနေတဲ့ တတိယလှိုင်း ကိုဗစ် - ၁၉ ရောဂါဟာ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည့်အတွက် အခြားမြို့နယ်တွေမှာ အောက်ဆီဂျင်လိုအပ်ချက်များ မရှိအောင် ဖြည့်ဆည်းဆောင်ရွက်နေတာကို တွေ့မြင်နေရတော့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာလည်း ပိုးတွေ့လူနာတွေအတွက် အောက်ဆီဂျင် အရေးပေါ်လိုအပ်လာရင် အဆင်သင့် အသုံးပြုနိုင်အောင် အောက်ဆီဂျင် ဆလင်ဒါ ၄၀ အိုး ၃၅ လုံး မှာထားပါတယ်။ တစ်လုံးကို ငွေကျပ် နှစ်သိန်းခွဲခန့် ရှိပါတယ်။ နောက်ပြီး အောက်ဆီဂျင်အိုးနဲ့ တွဲဖက်အသုံးပြုရတဲ့ Flowmeter စက်က ၂၅ လုံး မှာထားပါတယ်။ ဈေးနှုန်းကတော့ တစ်လုံး ငွေကျပ် ငါးသောင်းခန့် ရှိပါတယ်။ စုစုပေါင်းဆိုရင် ငွေကျပ် သိန်း ၁၀၀ ဖိုး မှာယူထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလှူငွေကောက်ခံရရှမှုက ငွေကျပ် သိန်း ၆၀ ကျော် ရရှိနေပြီဖြစ်ပါတယ်။ ခုဆိုရင် အောက်ဆီဂျင်အိုးတွေကိုလည်း မှာထားပြီးဖြစ်ပါတယ်။ ပစ္စည်းတွေရောက်ရှိလာရင်တော့ ကျွန်တော်တို့ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှာပဲ ထိန်းသိမ်းထားပြီး လိုအပ်တဲ့လူနာတွေအတွက် ဖြန့်ဝေဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ပွင့်ဖြူမြို့နယ်သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက်က ပြောသည်။
ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ကုသရေးလုပ်ငန်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ယခု မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်ရှိပါက အဆင်ပြေစွာ ဆေးဝါးကုသနိုင်ရေးအတွက် အောက်ဆီဂျင် ဆလင်ဒါ ၄၀ အိုးများကို စေတနာ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဝယ်ယူရရှိနိုင်ရေး အလှူငွေများ ကောက်ခံဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များအနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် အောက်ဆီဂျင်အိုးများ ဝယ်ယူရန် အလှူငွေများ လှူဒါန်းလိုပါက ပွင့်ဖြူမြို့ ၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက်၊ ဖုန်း - ၀၉၄၀၁၅၇၂၁၅၂ သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )