ပေါက်ခေါင်းမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

ပေါက်ခေါင်း ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရေးနည်းလမ်းများကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ နေ့စဉ်တွေ့ရှိမှုမြင့်တက်လာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့အတွက် ပြည်သူများအား အများပြည်သူ ရုံးပိတ်ရက်ရှည် ကာလအတွင်း (Stay at Home)နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ ပူးပေါင်းကာ လှည့်လည်နှိုးဆော်ခြင်းဖြစ်ကြောင်း သိရပြီး ယင်းသို့လှည့်လည်နှိုးဆော်ရာတွင် ပြည်သူများအား အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ထားပြီး လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာစနစ်တကျမကြာခဏဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့သွားရောက်ခြင်းမှ အတက်နိုင်ဆုံးရှောင်ကြဥ်ရန်၊ အိမ်အပြင်သို့ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ(၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့်နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှရှောင်ကြဥ်ရန်၊ အသွားအလာတားမြစ်ပိတ်ပင်၍ သီးခြားခွဲခြားနေထိုင်စေခြင်း(Quarantine)လုပ်ငန်းစဥ်များတွင် အပြည့်အဝပူးပေါင်းပါဝင်ရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)မတပ်သော စျေးရောင်းသူများထံမှ စျေးမဝယ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေးသတိပေးကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်အရှုကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ခြင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန်စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုမူနေထိုင်ရေးတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဥမ္မာကျော်