အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2021
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် ဇူလိုင်လ (၃၀)ရက်နေ့မှ သြဂုတ်လ (၄)ရက်နေ့အထိ(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား  ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ စက်တင်ဘာလ (၄)ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွား  (၁၇၀၉)ဦး၊ စေတနာ့ဝန်ထမ်း (၅၅၀)ဦး၊ ဘုန်းကြီး၊ သီလရှင်(၁၀၄)ဦး၊ နိုင်ငံဝန်ထမ်း(၁၈၉)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု( ၇ဝ၁)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၁)ဦး၊ပုဂ္ဂလိကစက်ရုံဝန်ထမ်း(၄၇)ဦး၊ အကျဥ်းသား(၁၅)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း   (၅၀)ဦး၊ စျေးရောင်းသူ(၂၈၀)ဦး၊ စုစုပေါင်း(၃၆၄၆)အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
Sep 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  အင်တောမြို့၊ ကျောက်ဂူကျေးအုပ်စု၊ ဆီဆုံဂနိုင်ကျေးရွာတွင် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kitဖြင့် စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ဆီဆုံဂနိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Sep 06,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လစဉ်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အစိုးရအဖွဲ့  ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်သို့ရောက်ရှိပြီး သဖန်းဆိပ်ဆည် ရှင်းလင်းဆောင်၌  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးစိုးနိုင်က ဆည်အတွင်းရေဝင်ရောက်မှု၊ တိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာများတွင် မိုးသီးနှံ၊ နွေသီးနှံများစိုက်ပျိုးရာတွင် ရေပေးဝေနိုင်မှုနှင့် တရားမဝင်ရွှေမျှောလုပ်ကိုင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Sep 06,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါခံစားနေရသူများနှင့် အခြားလူနာများအတွက် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရေးအတွက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့မိသားမှ အလှူငွေများအား ယနေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
Sep 06,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် နေရပ်စွန့်ခွာ၍ စခန်းများ၌ ခိုလှုံနေကြသော အသက်(၁၈)နှစ် အထက်ပြည်သူများအား (၁၁၄၀) ဦးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမ အကြိမ် ထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ​ရွှေအမ်းတောင် ခန်းမ၌ စက်တင်ဘာလ(၆)ရက် နံနက်(၉)နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေ၊ ဇွန် လများအတွက်  အသက်(၈၅)နှစ်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ရေးအစီအစဉ် (MCCT)အရ တတိယ သုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ လများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
Sep 06,2021
မန္တလေးတိုင်းဒေသကြီး၊   မြစ်သားမြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် မြစ်သားမြို့နယ် အတွင်း ရှိကျေးရွာ ၁၅ ရွာ၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုယခုနှစ် ဖေဖော်ဝါရီလမှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။