မြစ်သားမြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မြစ်သား စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊   မြစ်သားမြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် မြစ်သားမြို့နယ် အတွင်း ရှိကျေးရွာ ၁၅ ရွာ၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုယခုနှစ် ဖေဖော်ဝါရီလမှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အရ မြစ်သားမြို့နယ် အတွင်းမှ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ၏ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက််ခဲ့ရာယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ပြောကြားသည်။

ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့်  ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း(၁၂)ခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းတစ်ခု၊ လျှပ်စစ် မီးသွယ်တန်းခြင်း လုပ်ငန်းနှစ်ခု၊ စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၁၅)ခုကို စီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၃ ဒသမ ၇၈ သန်း  စုစုပေါင်းငွေကျပ် ၁၉၃ ဒသမ ၇၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး  ဦးကိုကိုအောင်က ဆက်လက်ပြောကြားသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၅ ရွာရှိ ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)