Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တွေ့ဆုံ

ရွှေဘို နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊   ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးနှင့်အတူ အောက်တိုဘာ ၃၁ ရက်နေ့ နံနက်(၉)နာရီက ရွှေဘိုမြို့ ပြည်ရွှေဘိုဧည့်ရိပ်သာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အား တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင်၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကိစ္စရပ်များ၊ ကြိုတင်မဲပေးခြင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်များအား အောက်ခြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ လိုက်နာ ဆောင်ရွက်စေရေး ကိစ္စရပ်များ၊ ဆန္ဒမဲပေးသူ ပြည်သူများ၏ အခွင့်အရေးမဆုံးရှုံးစေရေးကိစ္စရပ်များ၊ ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ ခိုင်လုံမဲ၊ ပယ်မဲ၊ သတ်မှတ်ချက် ဆိုင်ရာ ကိစ္စရပ်များနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာအုပ်စု ရွာသာကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းတွင် ကျင်းပပြုလုပ်သော  ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း တွေ့ဆုံပွဲသို့ တက်ရောက်အမှာ စကားပြောကြားရာ တွင် “နိုင်ငံတစ်နိုင်ငံ ဖွဲ့ဖြိုးတိုးတက်ရန် အခြေခံအုပ်မြစ်သည် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် မိမိတို့ကျေးရွာကို အဖက်ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဤစီမံကိန်းကို ကိုရီးယား အထောက်အပံ့ (KOICA)နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ ချောင်းဦး၊ မြင်းမူ၊ မြောင်နှင့် ရွှေဘိုမြို့နယ်တို့မှ နမူနာစံပြကျေးရွာ(၁၀)ရွာကို ရွေးချယ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ယခု ရွာသာ ကျေးရွာသစ် စီမံကိန်းကို ရွှေဘိုတစ်မြို့နယ်လုံးမှာရှိတဲ့ ကျေးရွာများမှ အားကျအတုယူဖွယ်စံပြကျေးရွာများ ဖြစ်အောင် ကျေးရွာပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွင် လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး စတဲ ကဏ္ဍအသီးသီးကို ဖွံ့ဖြိုးတိုးတက်အောင် နှင့် အောင်မြင်အောင် ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ကြောင်း နှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ဆောင်ရွက်နေကြတဲ့ ကျေးရွာ(၁၀)ကိုလည်း တိုင်းဒေသကြီးရဲ့ စံနမူနာပြ ကျေးရွာဖြစ်အောင် အားပေးဆောင်ရွက်သွားမှာ ဖြစ်သလို လိုအပ်များရှိပါကည်း တက်နိုင်သမျှ အားပေးကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟုပြောကြားသည်။

ယင်းနောက် ရွာသာကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း (SMU) ကော်မတီအဖွဲ့ဝင်များက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)