စနစ်တစ်ခု၏ တွန်းတိုက်နှိပ်စက်မှုဒဏ်ကြောင့် နိုင်ငံအနှံ့အပြား မှ ကျောင်းသားလူငယ်များ တောထဲသို့ လည်းကောင်း၊ နိုင်ငံရပ်ခြား အသီးသီးသို့လည်းကောင်း ပြေးကြ ရှောင်ကြ၊ ပြန်လည် စုစည်းကြ၊ အင်အားဖြည့်ကြ၊ စာအုပ်နှင့်လွယ်အိတ်များ နံဘေးချကာ တော်လှန် ရေးလုပ်ကြ ဖြစ်ရသည့်အခါ နိုင်ငံတစ်ဝန်းလုံးက ပြည်ထောင်စုသား များက စာနာကြ၊ ကရုဏာသက်ကြ၊ အားပေးကြ ဖြစ်ခဲ့ဖူးသည်။
ဝေးလံသီခေါင်လှသော တိုင်းရင်းသားတို့၏ ဒေသများက သေနတ်သံများ၊ ဗုံးသံများကြားက ကလေးအရွယ် လူမမယ်လေး များ၏ စစ်ဘေးစစ်ဒဏ်ခံနေရသည်များကို နိုင်ငံတစ်ဝန်းက ပြည်သူ တို့က မျက်ရည်စို့ခဲ့ကြသည်။
ပြင်းထန်လှသော နာဂစ်မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးသည့်ဒဏ် တို့ကြောင့် မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူတို့ ပြေးစရာမြေမရှိ၊ ရေအတိဒေသထဲ အလူးလူးအလိမ့်လိမ့်ဖြစ်ကြသည့်အခါ မြန်မာ နိုင်ငံ၏ မြောက်ဘက်ခြမ်း တောင်ပေါ်ဒေသများက ပြည်သူတို့ အပါအဝင် နိုင်ငံတစ်ဝန်းက ရင်ထု မနာဖြစ်ကြ၊ ကူကယ်စရာများ ကိုသယ်ရင်း ရေလွှမ်းဒေသများဆီသို့ ဆင်းခဲ့ကြသည်။
ဤသို့သော နိုင်ငံတော်အတွင်းရှိ မည်သည့်နေရာ၌မဆို၊ မည်သို့သော ထိခိုက်နာကျင်စရာတစ်ခုခု ဖြစ်ပွားသည်ဖြစ်စေ၊ နိုင်ငံသားအားလုံးက မိမိတို့အရေးကဲ့သို့ ခံစားကြ၊ ကူညီအားပေးကြ ခြင်းကို ပြည်ထောင်စုစိတ်ဓာတ်ဟု ဆိုရမည်ဖြစ်ပါသည်။
ယခုအခါတွင်လည်း ရခိုင်ပြည်နယ်အတွင်းကကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု အရှိန်မြင့်လာ သည့် သတင်းများ ထွက်ပေါ်လာ သည်နှင့် နိုင်ငံအဝန်းက ပြည်သူတို့က ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းကြဝန်းကြ၊ ကူညီကြရန် အဆင်သင့်ဖြစ်ကြောင်း ထုတ်ဖော်လာ ကြသည်။
ရခိုင်ပြည်နယ်အတွင်းက ယခုလို ကိုဗစ်ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု သာမက စစ်ပွဲများဖြင့် မတည် မငြိမ်ဖြစ်နေရသည့် ဒေသလည်း ဖြစ်သည့်အား လျော်စွာ ဒေသခံပြည်သူတို့သည် ပိုမိုပြင်းထန်သော အကျပ်အတည်း အခက်အခဲများကြားတွင် ကြံ့ကြံ့ခံ ရင်ဆိုင်နေကြ ရခြင်း ဖြစ်ပါသည်။
စစ်ဘေးနှင့် မတည်ငြိမ်မှုများ၊ လူမှုအသိုင်းအဝိုင်း မလုံခြုံမှု၊ ယခု ကျန်းမာရေးဆိုင်ရာ ပြဿနာကြီး က ဘူးလေးရာ ဖရုံဆင့်ဖြစ် နေလေရာ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုက ဝိုင်းဝန်းပူပန်သောက ဖြစ်ကြရလေသည်။
ကိုဗစ်ရောဂါသည် ကုသဆေး၊ ကာကွယ်ဆေးဟူ၍ သေသေ ချာချာမပေါ်သေးသည့်အတွက် ကမ္ဘာ့နိုင်ငံအားလုံးသည် ကာကွယ်မှု ကို အလေးထားကာ ဗိုင်းရပ်စ်ပိုးကို ဟန့်တားထိန်းချုပ်ရန် အထူး ကြိုးပမ်းနေကြရခြင်း ဖြစ်ပါသည်။ ဥစ္စာဓနကြွယ်ဝကာ နည်းပညာ မြင့်မားသော နိုင်ငံကြီး များပင် အလူးအလဲ ထိန်းချုပ်နေရသည့် ကာလဖြစ်သည့်အတွက် မြန်မာနိုင်ငံကဲ့သို့သော ချို့တဲ့ သည့် နိုင်ငံ အဖို့ ပို၍သတိကြီးကြီးထားကာ ကာကွယ်ကြရန် ဖြစ်ပါသည်။ ။
ထို့ကြောင့်ပင် ရခိုင်ပြည်နယ် ဒေသများကို ပြင်ပနှင့် ကူးလူး ဆက်ဆံမှုမပြုကြသေးရန်၊ ရောဂါကူးစက်နိုင်ခြေများသည့် အုပ်စု များကို စစ်ဆေးဓာတ်ခွဲရန်၊ သီးသန့်ခွဲခြားထားရန် စသည်ဖြင့် ကာကွယ်ရေးအစီအမံများကို မဖြစ်မနေ လုပ်ဆောင်နေရခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုသည် အလွန် မြန်ဆန်သည့်အပြင် ဤဒေသသည် လူဦးရေထူထပ် သည့် အိုင်ဒီပီ စခန်းများ၊ တိုက်ပွဲရှောင်စခန်းများ ရှိနေသောကြောင့် ကူးစက် ပြန့်ပွားမှုနည်းနိုင်သမျှ နည်းအောင် အကန့်အသတ်များကို မဖြစ် မနေ ပြင်ဆင်စီမံနေရခြင်း ဖြစ်ပေသည်။ ။
ထို့ပြင် ဤဒေသ၏အရေးပေါ်သုံးစွဲရန်တို့အတွက် ပြည်ထောင်စု အစိုးရက ငွေကျပ် ၁၄ ဒသမ ၈ ဘီလီယံ၊ ပြည်နယ်အစိုးရအဖွဲ့က ၁ ဒသမ ၅၆၆ ဘီလီယံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ၃၁၁ ဒသမ ၄ သန်းခန့် အသုံးပြု ထားပါသည်။ ။
မည်သို့ပင်ဖြစ်စေ၊ ရင်ဆိုင်နေရသည့် များပြားလှသော စိန်ခေါ် မှုများ၊ အခက်အခဲများကို အထက်တွင် ဖော်ပြခဲ့သော နိုင်ငံအဝန်းရှိ ပြည်သူတို့၏ ပြည်ထောင်စုစိတ်ဓာတ်၊ ညီညွတ်စည်းလုံးမှု အင်အား တို့ဖြင့် ရခိုင်ပြည်နယ်တွင်းရှိ ကပ်ရောဂါဘေးအပါအဝင် စိုးရိမ်ပူပန် စရာအားလုံးကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။