နေပြည်တော် သြဂုတ် ၂၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနအနေဖြင့် စွမ်းအင်ကဏ္ဍအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမနှင့် ဒုတိယ သုံးလပတ်အတွင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ခြင်းနှင့် တတိယနှင့် စတုတ္ထသုံးလပတ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် သုံးသပ်ဆောင်ရွက်ရန် အရေးကြီး အစည်းအဝေးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ယခင်နှင့်မတူ ထူးခြားဖြစ်စဉ်အား ကြုံတွေ့ ခဲ့ရပါကြောင်း၊ ပထမနှင့် ဒုတိယသုံးလပတ်တွင် လုပ်ငန်းများကို ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ခဲ့သော်လည်း တတိယသုံးလပတ်မှစ၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရသဖြင့် လုပ်ငန်းပိုင်းနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ရကြောင်း။
ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လုပ်ငန်းသဘောသဘာဝအရ ရေနံတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နိုင်ငံခြားသား ပညာရှင်များ လုပ်ငန်းခွင်များသို့ ဝင်ထွက်သွား လာခွင့်ကိစ္စရပ်များ၊ စာချုပ်စာတမ်းပါလုပ်ငန်းစဉ်များ၊ ပစ္စည်းတင်သွင်းခြင်း ကိစ္စရပ်များ၊ ငွေပေးချေမှုကိစ္စရပ်များ စသည့်ကိစ္စရပ်များတွင် သက်ရောက်မှု အများအပြားရှိခဲ့ရာ တတ် နိုင်သလောက် ဖြေရှင်းဆောင်ရွက်ခဲ့ရပြီး ယခုအချိန်အထိ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စတုတ္ထသုံးလပတ်အတွင်း ဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများ၊ ငွေပေး ချေမှုများကို အချိန်မီပြီးစီးစေရေး အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကျန်ရှိသည့် ဘတ်ဂျက်ငွေများကို အချိန်မီသုံးစွဲခြင်း (သို့မဟုတ်) ပြန်လည် အပ်နှံခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးမှ လိုအပ်သည်များကိုသုံးသပ်ဆွေး နွေး၍ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများအတွက် အချိန်မီငွေပေးချေ ဆောင်ရွက်ခြင်းနှင့် မဆောင်ရွက်နိုင်သည့် လုပ်ငန်းများအတွက် ငွေပြန်အပ်ခြင်းများကို သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း။
မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကိုလည်း သက်ဆိုင်ရာတည်ဆဲဥ ပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် မလိုလားအပ်သည့် ကိစ္စရပ်များမဖြစ်ဘဲ လုပ်ငန်းများအဆင် ပြေချောမွေ့ပြီး နိုင်ငံအတွက် မှန်ကန်သည့် ကိန်းဂဏန်း အချက် အလက်များ၊ ဝင်ငွေများ၊ အခွန်အခများ တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း၊ ယခုအချိန်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်ဦးမော့လာသည့် အတွက် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများ အားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန်နှင့် ရေနံမြေများ၊ စက်ရုံဌာနများ၊ ဌာနခွဲများတွင် ကိုဗစ်-၁၉ သံသယလူနာများနှင့် ထိတွေ့မှုဖြစ်စဉ်ကြောင့် အသွားအလာကန့်သတ်ခံရခြင်း၊ Quarantine စောင့်ကြည့်ခံရခြင်းများ ဖြစ်ပေါ်လာပါက လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခြင်းများ မဖြစ်စေရန်အတွက် ယခင်ဆောင်ရွက်ခဲ့ သည့်အတိုင်း ဝန်ထမ်းများကိုအဖွဲ့များခွဲ၍ အလှည့်ဆင်းဆောင်ရွက်နိုင်ရေး စနစ်တကျကြိုတင် စီမံဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက် စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ စစ်ဆေးရေး အရာရှိချုပ်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွင်း လျာထားချက်များအပေါ် လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ချက်များနှင့်လုပ်ငန်း ပြီးစီးမှုအခြေအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အတွင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေ၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆက်လက်ဆောင်ရွက်မည့် ကြိုတင်စီမံထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် က ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြမှု များအပေါ် သုံးသပ်ဆွေးနွေးတင်ပြသည်။ ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်