နေပြည်တော် ဩဂုတ် ၂၇
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက် အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (မူကြမ်း) ကို အတည်ပြုရေးနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ပူးတွဲကြေညာချက် (Joint communiqué) နှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ပူးတွဲကြေညာချက်ပါ အကြောင်းအရာများအရ လုပ်ငန်းစီမံ ချက်ရေးဆွဲရန်နှင့် လုပ်ငန်းစီမံချက်ပါ အချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ကော်မတီ၏ အစည်းအဝေးများကို (၆) ကြိမ်အထိ ကျင်းပခဲ့ကြပါကြောင်း၊ ထို့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ လုပ်ငန်းစီမံချက်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ဆိုင်ရာ အထူးကိုယ်စားလှယ်၏ အကြံပြုချက်များပေးပို့လာမှုကို ကော်မတီဝင်များနှင့် ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုပါလုပ်ငန်းစီမံချက် (မူကြမ်း) အပေါ် မူအရဆုံးဖြတ်ရန် လိုအပ်သော အချက်များကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြပြီး အတည်ပြုဆုံးဖြတ်ချက် ရယူခဲ့ပါ ကြောင်း၊ စီမံချက်သည် အမျိုးသမီးကိုသာ ဦးတည်ခြင်းမဟုတ်ဘဲ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုအားလုံးကို ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏ အမည်ကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဟု နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာဖြင့် အမည်ပြောင်းလဲခဲ့ပါကြောင်း၊ အလားတူ လုပ်ငန်းကော်မတီကိုလည်း ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖြစ် အမည်ပြောင်းလဲ နိုင်ခဲ့ကြောင်း၊ ဤလုပ်ငန်းစီမံချက်သည် မိမိတို့ အစိုးရ ဌာနများသာမက ကုလသမဂ္ဂအဖွဲ့ အစည်းများအတွက်ပါ အရေးပါသည့် စီမံချက်တစ်ခု ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အတည်ပြုပြီးပါက လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစီမံချက်အရ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကော်မတီဝင် အသီးသီးက ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက် (မူကြမ်း) အပေါ် နိုင်ငံတော်သမ္မတရုံးက မူအရဆုံးဖြတ်ထားသည့် အချက်များ ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များက လုပ်ငန်းစီမံချက် (မူကြမ်း) ကို အတည်ပြုခြင်း မဆောင်ရွက်မီထပ်မံ၍ ဖြည့်စွက် လိုသည့် အချက်များ၊ စကားရပ် အသုံးအနှုန်းများ၊ ပြင်ဆင်လိုသည့်အချက်များ၊ ပယ်ဖျက်လိုသည့် အချက်များကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စီမံချက်(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ကြရာ တွင် အနှစ်သာရအားဖြင့်သော်လည်းကောင်း၊ မူအရသော် လည်းကောင်း ပြောင်းလဲမှု မရှိသောကြောင့် စီမံချက်ကို အတည်ပြုပါကြောင်းနှင့် နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်၍ တင်ပြ အတည်ပြုချက် ရယူသွား မည်ဖြစ်ကြောင်း နိဂုံးချုပ်စကားပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနများ၏ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကော်မတီဝင် အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)