ကျောက်တန်း ဩဂုတ် ၁၇
Fauna and Flora International (FFI) အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့၊ ကျောက်တန်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများ နှင့် အတူ ပင်လယ်လိပ်များ ထိန်းသိမ်းကာကွယ်ခြင်း ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြကြောင်း သိရသည်။
ပျက်စီးဆုံးရှုံး
ပင်လယ်လိပ် မျိုးသုဉ်းလျော့နည်းရသည့် အကြောင်းရင်းများမှာ အသားနှင့်ဥများကို စားသုံးခြင်း၊ လိပ်ခွံများအား အလှတန်ဆာဆင်ပစ္စည်းများ ပြုလုပ်ခြင်း၊ အမှတ်တရပစ္စည်းများ ပြုလုပ်ကာ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားခြင်း၊ ငါးဖမ်းကိရိယာအမျိုးမျိုး ကြောင့် မတော်တဆ ဖမ်းဆီးထိခိုက်မိခြင်းကြောင့် သေဆုံးရခြင်း၊ လူဦးရေတိုးပွားလာခြင်းကြောင့် အခြေချ နေထိုင်လာကြ၍ ဥချရန်နေရာများ ပျောက်ကွယ်ရခြင်း၊ ဥကျင်းတက်ပြီးချိန်တွင် ဥများတူးဖော်ရုံသာမက လိပ်မကြီး ပါ သတ်ဖြတ်စားသုံးခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် သေကျေပျက်စီးရခြင်း၊ ရေထုညစ်ညမ်းခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ ရေကြောင်း၊ မီးအလင်း ရောင်များကြောင့် ရွှေ့ပြောင်းသွားလာရာလမ်းကြောင်း မှားယွင်းခြင်း၊ စားကျက်များပျက်စီး လျော့နည်းလာခြင်း၊ ခရီးသွား လုပ်ငန်းများဖွံ့ဖြိုးလာ၍ ဥချရာနေရာများ ပျက်စီး ပျောက်ကွယ်လာခြင်း၊ ပုရွက်ဆိတ်၊ ကဏန်း၊ ငှက်၊ ဖွတ်၊ တောခွေးသားစားငါးများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေရသည်။ ယခုအခါ FFI နှင့် ငါးလုပ်ငန်းဦးစီးဌာန တို့ ပူးပေါင်းပြီး ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအဖွဲ့ (FFI) မြန်မာနိုင်ငံအစီအစဉ်မှ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး တာဝန်ခံ ဆလိုင်းမန်း ညီညီလင်း၏ ပြောကြား ချက်အရ သိရသည်။
သတင်းစဉ်