Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဒေါက်တာပွင့်ဆန်း၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

တရားမဝင်ကုန်သွယ်မှုများကို တားဆီးအရေးယူနိုင်ရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ နှစ်လ တစ်ကြိမ်ပုံမှန် ကျင်းပသည့် အစည်းအဝေးလည်း ဖြစ်ကြောင်း၊ ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများအကြား၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ပိုမိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ကျင်းပရခြင်းဖြစ်ကြောင်း။

ဦးဆောင်ကော်မတီအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံအတွက် ရသင့်ရထိုက်သည့် အခွန်အခများ မဆုံးရှုံး စေရေး၊ ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးရေးနှင့် စားသုံးသူပြည်သူ လူထုအန္တရာယ် ကင်းရှင်းစေရေးတို့အပြင် အမျိုးသားလုံခြုံရေးနှင့် ကျန်းမာရေးတို့ကို ဦးတည်၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း။

တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေး ယူနိုင်ရေးဆောင်ရွက်ရာတွင် နယ်စပ်ဝင်/ထွက် ဂိတ်များ၊ နယ်စပ်ဝင်/ထွက်ဂိတ် အနီးပတ်ဝန်းကျင်တွင်ရှိသည့် သိုလှောင်မှုများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်မှုများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများ၊ အဆိုပါလေဆိပ်နှင့် ဆိပ်ကမ်းများတွင်ရှိသည့် သိုလှောင်မှုများအပြင် ဈေးကွက်ကြီးများ တည်ရှိရာ မြို့ကြီးများရှိ အဓိကသိုလှောင်မှုနှင့် ဖြန့်ဖြူးမှုများကိုပါ သတင်းရယူဖော်ထုတ် စစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထိထိမိမိဆောင်ရွက်ကြရမည်

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရ‌သည့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် အကောက်ခွန်ဦးစီးဌာန အပါအဝင် One Stop Service (OSS) ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ပြီးခဲ့သည့်ဦးဆောင်ကော်မတီ အစည်းအဝေးက မြေပြင်လုပ်ငန်း စီမံချက်ဖြင့် Standard Operating Procedures (SOPs) များကို အတည်ပြုခဲ့ပြီး အထူးအဖွဲ့များ အားလုံးနှင့် OSS ဌာနဆိုင်ရာ အားလုံးသို့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ အနေဖြင့်လည်း ရေးဆွဲထားသည့် လုပ်ငန်းစဉ်များအတိုင်း ထိထိမိမိဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ (၁၁) လတာ ကာလအတွင်း (၁၉၂၉)မှုနှင့် တန်ဖိုးကျပ် (၇၄၁၂ ဒသမ ၃၇၀) သန်း ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း၊ ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအပြီး ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ဖမ်းဆီးရမိအမှုတွဲ(၁၃)မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် (၃၄၆ ဒသမ ၃၅၆)သန်း ဖမ်းဆီး ရမိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီအတွင်း ဖမ်းဆီးရမိအမှုတွဲ (၂၉၈) မှု ၊ ခန့်မှန်းတန်ဖိုး ကျပ် (၆၃၂၃ ဒသမ ၅၀၃) သန်းကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း။

ဖမ်းဆီးရမိသော တရားမဝင်ကုန်သွယ်သည့် ကုန်စည်များကို ကြည့်လျှင် သွင်းကုန် ပစ္စည်းများအနေဖြင့် လူသုံးကုန်နှင့်စားသောက်ကုန်များဖြစ်ပြီး မိမိတို့၏ပို့ကုန် ပစ္စည်းများသည် နိုင်ငံ၏အဖိုးတန်သယံဇာတ တစ်မျိုးတည်းဖြစ်နေသည်ကို တွေ့ရကြောင်း၊ သယံဇာတ ဟုဆိုရာတွင် သစ်မျိုးစုံ၊ ကျောက်စိမ်းနှင့် သတ္တုများအပြင် သဘာဝတောရိုင်း တိရိစ္ဆာန်များလည်း ပါဝင်နေကြောင်း၊ ရုပ်ဝတ္တုပစ္စည်းများကို တန်ဖိုး သတ်မှတ်၍ ရနိုင်သော်လည်း ရှားပါး တိရိစ္ဆာန်များသည် တန်ဖိုးဆုံးဖြတ်၍ မရပါကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို အမျိုးသားရေးအသိအမြင်ဖြင့် ဝိုင်းဝန်းတားဆီးကြရမည် ဖြစ်ကြောင်း။

ဉပဒေနှင့်အညီအရေးယူနိုင်ရေး

အခြားတစ်ခုမှာ တရားမဝင်တင်သွင်းရောက်ရှိနေပြီး ပြည်သူများအတွက် အန္တရာယ်ရှိသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချနေမှုများ၊ Online နှင့် Social Media များတွင် ကြော်ငြာရောင်းချနေမှုများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက မျက်ခြေမပြတ်စောင့်ကြည့်ပြီး တရားဥပဒေနှင့် ညီညွတ်မှုမရှိသည်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လုံခြုံစိတ်ချရသည့် ဆက်သွယ်မှုဖြင့် ချိတ်ဆက်ပေးပို့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး လုံခြုံစိတ်ချရသောပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခင်ကထက်စာလျှင် တိုးတက်မှုရှိသော်လည်း အားရကျေနပ်ဖွယ် မရှိသေး ကြောင်း၊ ဖမ်းဆီးရမိမှုများကိုစိစစ်ရာတွင် မြေပြင်စစ်ဆေးရေး အဖွဲ့များအနေဖြင့် ပုံမှန်စစ်ဆေးခြင်း များနှင့် ကုန်ချစစ်ဆေးခြင်းများ ဆောင်ရွက်ရန်လိုအပ်နေသည်ကိုတွေ့ရကြောင်း၊ အထူးသဖြင့် လိုင်စင်မဲ့ ယာဉ်များကို တားဆီးစစ်ဆေးအရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ ဖမ်းဆီးရမိမှုများတွေ့ရ သော်လည်း ကမ်းရိုးတန်းဆိပ်ကမ်းများ၌ ဖမ်းဆီးရမိမှု မရှိသေးသည့်အတွက် စစ်ဆေးအရေးယူမှုများ ကို ထိရောက်စွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု သုံးသပ်ရရှိကြောင်း။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာတွင် မှန်ကန်သည့်သတင်းရရှိမှုနှင့် သတင်းလုံခြုံမှုသည် အရေးကြီး ကြောင်း၊ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန် သတင်းပေးတိုင်ကြားနိုင်သည့် တယ်လီဖုန်းနံပါတ်၊ ဖက်စ်ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများကို မြန်မာ့ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေငြာ၍ သတင်းရယူဆောင်ရွက်ခဲ့ရာ တိုင်ကြားမှုသတင်း (၁၆) ကြိမ် လက်ခံရရှိခဲ့ကြောင်း၊ အဆိုပါသတင်းများကို စိစစ်ဖော်ထုတ်ရာတွင် (၁၃) ကြိမ် ဖမ်းဆီးရမိခဲ့ပြီး နောက်ကျသတင်း(၁)ကြိမ်နှင့် သတင်းမှား(၂)ကြိမ်ဖြစ်ကြောင်း၊ တိုင်ကြားသူများ ထံသို့လည်း အခြေအနေအား အကြောင်းပြန်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် သတင်းပေးတိုင်ကြားချက်အရ သွင်းကုန်ယာဉ်(၁)စီးကို မူဆယ်(၁၀၅)မိုင်တွင် တားဆီး စစ်ဆေးသည့်အခါ ယာဉ်ပေါ်၌ တရားမဝင် သယ်ဆောင်လာသော တစ်ဖက်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် (၅၇ ဒသမ ၇၃) သန်း ဖမ်းဆီးရမိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် ပြန်လည်စတင်ခဲ့ရာ ကုန်သွယ်မှု အသင့်အတင့်ရှိနေပြီဖြစ်သော်လည်း မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းတွင် ဖမ်းဆီးရမိမှုများ နည်းပါးနေသေးသည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းရှိ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် ထိရောက်စွာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သွင်းကုန်ကန့်သတ်မှုများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ သွင်းကုန်ပစ္စည်းများအပေါ် ကန့်သတ်မှုများ ပြုလုပ်နေရခြင်းသည် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်စေရေး၊ ပြည်တွင်းထုတ်ကုန်များ ဦးစားပေး ထုတ်လုပ်နိုင်စေရေးနှင့် ထုတ်ကုန် များဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သို့သော် သွင်းကုန်လိုင်စင်ကန့်သတ်မှုအပေါ် အခွင့်ကောင်းယူ၍ တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်လာနိုင်သည့်အတွက် ထိရောက်စွာ တားဆီး စစ်ဆေးဖမ်းဆီးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ တရားမဝင်ကုန်သွယ်မှု ကွင်းဆက် တစ်လျှောက်လးရှိ ဝန်ထမ်းများပါဝင်ပတ်သက်မှု မရှိရေးသည် အထူးအလေးထား ကြီးကြပ်ရမည့် အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း၊ ဌာနအချင်းချင်း တည့်မတ်ပေးရန်၊ ထိန်းကျောင်းပေးရန် လိုကြောင်း၊ ထိန်းကျောင်း၍ မရလျှင် ဌာနများအနေဖြင့် ဦးဆောင်ကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုကိစ္စများတွင် ဝန်ထမ်းများပါဝင် ပတ်သက်မှုများကို ဖော်ထုတ်တားဆီး အရေးယူနိုင်ရန်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြားတို့မှတစ်ဆင့် အများသိအောင် အသိပေး ကြေညာထားပြီး ဖြစ်ကြောင်း။

တိုက်ဖျက်တားဆီး သွားကြရမည်

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် မြေပြင်လုပ်ငန်းစီမံချက်များ ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် မဟာ ဗျူဟာ၊ နည်းဗျူဟာများအပြင် ရနိုင်သမျှ နည်းလမ်းများဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိ ရောက်ရောက် တိုက်ဖျက်တားဆီး သွားကြရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ အချင်းချင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွှန့်အောင်က ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၁)အပေါ် ဆောင်ရွက်ပြီးစီးမှုများ နှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီ ရုံးလုပ်ငန်းအဖွဲ့တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦးက ဦးဆောင်ကော်မတီ အစည်းအဝေး(၁/၂၀၂၂)သို့ တင်ပြသည့် အမှာစာများကိုဖတ်ကြားတင်ပြပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်က အန္တရာယ် ဖြစ်စေသည့် တရားမဝင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှုကို စောင့်ကြပ်ကြည့်ရှုလျက်ရှိသည့် အခြေအနေများနှင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဦးဆောင်ကော်မတီဝင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းက လုံခြုံရေးဆိုင်ရာ များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းကို လျာထားနေရာသို့ပြောင်းရွှေ့နိုင်ရေး စီမံချက်ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြ

ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဦးဆောင်ကော်မတီ ရုံးလုပ်ငန်းအဖွဲ့တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်က တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီအစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက်(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးသည်။

နိဂုံးချုပ်အမှာစကားပြောကြား

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်