Skip to main content

ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဂုဏ်ပြုယာဉ်များ ပြသပေးနေမှုနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချပေးမှုအပေါ် ပါဝင်ဆင်နွှဲကြသူ အချို့၏ ဝမ်းသာပီတိစကားသံများ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသထားသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာများကိုလည်း သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိရာ ဂုဏ်ပြုယာဉ်များနှင့် အတူ ပါဝင်ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချသူများ၊ လာရောက်လေ့လာ ကြည့်ရှုကြသည့် ပြည်သူများ၊ ဂုဏ်ပြုယာဉ် တာဝန်ခံများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

မခင်ဇာဇာထွန်း

(မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအဖွဲ့)

ကျွန်မတို့အဖွဲ့ကတော့ စိန်ရတု ပြည်ထောင်စုနေ့မှာ လှသောအညာမြေ သီချင်းနဲ့အတူ ကပြဖျော်ဖြေပေးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးကို ဂုဏ်ဆောင်အနေနဲ့ ပြည်ထောင်စုနေ့မှာ ပထမဆုရရှိခဲ့လို့ အတိုင်းမသိ ဝမ်းသာပါတယ်။ လှသောအညာမြေသီချင်းနဲ့ အဖွဲ့ သုံးဖွဲ့ ပါဝင်ဆင်နွှဲခဲ့သော်လည်း စည်းစည်းလုံးလုံးနဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့အတွက် အခုလို ပထမဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလို စိန်ရတုပြည်ထောင်စု နေ့ကြီးမှာ ဖျော်ဖြေရေးကဏ္ဍကနေ ပါဝင်ဆင်နွှဲခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံဟာ ပြည်ထောင်စုတိုင်းရင်းသား ပေါင်းစုံနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် သူများနိုင်ငံတွေ ထက် ပိုပြီးတော့ ထင်ပေါ်တာ တွေ့ရပါတယ်။ ဒီပွဲတော်ကြီးမှာ တိုင်းရင်းသား ပေါင်းစုံ လာရောက် တွေ့ဆုံကြပြီး အသိပညာတွေ ဖလှယ်ခွင့်ရတဲ့အတွက် ပြည်ထောင်စုနေ့ အနှစ်သာရအပြင် တိုင်းရင်းသားတို့ရဲ့ စည်းလုံးမှုနဲ့အတူ ငြိမ်းချမ်းသော ပြည်ထောင်စုနိုင်ငံကြီး တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုပြီးခိုင်မာစေပါတယ်။ တိုင်းရင်းသား အားလုံးကို ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးကြတဲ့အတွက်လည်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

မောင်သော်ဇင်စိုး

(ပြပွဲလေ့လာကြည့်ရှုသူ)

စိန်ရတုပြည်ထောင်စုနေ့မှာ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေက ယဉ်ကျေးမှု အဖွဲ့ဝင်တွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ဂုဏ်ပြုယာဉ်တွေကို အခုလိုစုစည်းပြီး ပြည်သူတွေ လေ့လာကြည့်ရှုခွင့်ရအောင် ပြန်လည်ပြသပေးတဲ့အတွက် တာဝန်ရှိသူ တွေကို ကျေးဇူးတင်ပါတယ်။ ပြပွဲမှာ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တွေကလည်း ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေတဲ့ အပြင် ကိုယ်တိုင်ဝင်ရောက်ဆင်နွှဲခွင့်ရ တဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ဂုဏ်ပြုယာဉ်တွေကို အခုလိုအပြင်မှာ မျက်မြင်ကိုယ်တွေ့ မြင်ဖူးတာ ပထမဆုံး ဖြစ်ပါတယ်။ ဂုဏ်ပြုယာဉ်တွေအပေါ်မှာ တိုင်းရင်းသားပေါင်းစုံရဲ့ အထင်ကရ နေရာတွေ၊ အထိမ်းအမှတ်တွေ၊ ရိုးရာဝတ်စုံတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ကိုယ်တိုင်ကြည့်ရှုခွင့်ရပြီး မစားဖူးတဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူ စားသောက်ခွင့်ရအောင် စီစဉ်ပေးထားတဲ့ အတွက် ဝမ်းသာပါတယ်။

ဒေါ်ဘွန်ဆွမ်

(ကချင်ရိုးရာစားသောက်ဆိုင်)

ကျွန်မတို့ ကချင်ရိုးရာစားသောက် ဆိုင်မှာ ကချင်ဖက်ထုပ်၊ ကချင်ဒံပေါက်၊ ကချင်ရိုးရာခေါင်ရည်၊ စပိ၊ ကချင် ရိုးရာငါးပေါင်း၊ ကချင်ဆေးမြစ်စုံ၊ ကြက် ကချင်ချက်၊ ဝက်ကချင်ချက်တို့ကို ရောင်းချပေးပါတယ်။ အခုလောလောဆယ်တော့ ကချင်ရိုးရာငါးချက်၊ ကချင် ငါးပေါင်း၊ ကြက်ကချင်ချက်၊ ဝက်ကချင် ချက်တို့က ရောင်းအားအကောင်းဆုံးပါ။ အခုလို ခမ်းနားတဲ့ပွဲတော်မှာ ကျန်မတို့ ကချင်ရိုးရာ အစားအစာတွေကို ရောင်းချခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ဒီလိုရောင်းချခွင့်ရတဲ့အတွက် ရိုးရာအစားအစာတွေကို လာရောက် လေ့လာကြည့်ရှုသူတွေက တစ်ဆင့် အများပြည်သူတွေသိရှိပြီး တခြားအခွင့် အလမ်းလည်း ရရှိမယ်လို့ ယုံကြည်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ကိုယ်စားပြု ဂုဏ်ပြုယာဉ်တွေကို လွတ်လွတ်လပ်လပ်နဲ့ ကြည့်ရှုလေ့လာပြီး တိုင်းရင်းသားရိုးရာ အစားအသောက်တွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေတဲ့အတွက် လာရောက်အားပေးကြပါလို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ကိုယ်စား ဖိတ်ခေါ်ပါတယ်။

ဦးကျော်ဇင်ထွဋ်

(ပြပွဲလာရောက်ကြည့်ရှုသူ)

နိုင်ငံအတွင်းမှာရှိတဲ့ မြို့တွေကို သီးခြားသွားရောက် လည်ပတ်ဖို့က မလွယ်တော့ အခုလို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ထူးခြားတဲ့အရာတွေကို တစ်စုတစ်စည်းတည်း မြင်တွေ့ခွင့်ရတဲ့ အတွက် ပိုပြီးတော့ ဗဟုသုတတွေ ရပါတယ်။ ကလေးသာမက လူကြီး၊ လူငယ်အားလုံး ဂုဏ်ပြုယာဉ်တွေပေါ်မှာ ပြသထားတဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ မြို့တွေရဲ့ အထင်ကရနေရာတွေကို လေ့လာခြင်းအားဖြင့် ဗဟုသုတတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံပါတဲ့အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု တို့ကို ဖော်ဆောင်ရာလည်း ရောက်ပါတယ်။ အခုလို တိုင်းရင်းသားရိုးရာလက်ရာ စစ်စစ်ကို စားသုံးရတဲ့အတွက် အဲဒီဒေသတွေရဲ့ အငွေ့အသက်လေးတွေကို ပိုပြီး ခံစားမိပါတယ်။

မမိုင်ဇင်ဇင်နီ

(ချင်းရိုးရာစားသောက်ဆိုင်)

ကျွန်မတို့ ချင်းရိုးရာစားသောက်ဆိုင်အနေနဲ့ မြေပြန့်ချင်းရိုးရာ အစားအစာဖြစ်တဲ့ ချင်းရိုးရာ ဝက်သားသုပ်၊ ချင်းရိုးရာ ကြက်သားသုပ်၊ ချင်းရိုးရာ ခေါင်ရည်တို့ကို ရောင်းချပေးနေပါတယ်။ ဒီအစားအစာ တွေကတော့ မင်္ဂလာဆောင်တွေမှာ တည်ခင်းဧည့်ခံတဲ့ အစားအစာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားရိုးရာ ဒေသ အစားအစာတွေ အမျိုးစုံအောင် ဈေးချိုချို ရောင်းချပေးနေတဲ့အတွက် အားလုံး လာပြီး မြည်းစမ်းစားသုံးဖို့ ဖိတ်ခေါ်ပါတယ်။

ဦးထိန်စိုး

(ဒုတိယညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်ကိုယ်စားပြု အလှပြယာဉ်)

ကျွန်တော်တို့ မွန်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်သုံးစီးမှာဆိုရင် အမှတ်(၁) ဂုဏ်ပြုယာဉ်ရဲ့ ရှေ့ဆုံးခေါင်း ခန်းမှာ မွန်ပြည်နယ်မြေပုံကို ၁၂ ပေ အမြင့်နဲ့ ဖော်ပြထားပါတယ်။ ပြည်ထောင်စုအလံကို ပြည်နယ်အလံ နှစ်ခုကဘေးမှာ ဝိုင်းရံထားပါတယ်။ ယာဉ်ရဲ့ နောက်မှာ ဗုဒ္ဓဘာသာအစ သထုံကလို့ ခေါ်လို့ရအောင် ရှင်အရဟံကနေ အနော်ရထာမင်းမြတ်နဲ့ ပေါင်းပြီး သထုံကနေ ပင့်ဆောင်လာတဲ့ ပိဋကတ်သုံးပုံ ပုံစံပါတယ်။ ဘေးဘက်မှာ သံလွင်တံတား၊ ချောင်းဆုံတံတား၊ ဇင်းကျိုက်ရေတံခွန် ဗီနိုင်းတွေကို ပြသထားပါတယ်။ မြန်မာ နိုင်ငံအတွင်းမှာရှိတဲ့ ဘုရားဖူးပြည်သူ အများဆုံး လာရောက်ဖူးမြော်နေတဲ့ ကျိုက်ထီးရိုးဆံတော်ရှင် ပုံတွေကိုလည်း ပြသထားပါတယ်။

အမှတ်(၂) ယာဉ်မှာ မွန်ပြည်နယ်က ထုတ်ကုန်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီယာဉ်မှာ ဟင်္သာပါတယ်။ မွန် ပြည်နယ် ဟင်္သာမှာ နှစ်မျိုးရှိပါတယ်။

ခြေစုံရပ်နေတဲ့ ဟင်္သာက မွန်ပြည်နယ်ရဲ့ ပြည်နယ် ဟင်္သာအမှတ်အသား ဖြစ်ပြီး မွန်အမျိုးသား ဟင်္သာမှာတော့ ခြေတစ်ဖက်ကို ထောင်ထားပါတယ်။ အခုပြသထားတဲ့ ဟင်္သာကတော့ မွန်ပြည်နယ် အမှတ်အသား ဟင်္သာဖြစ်ပါတယ်။ ယာဉ်ရဲ့ နောက်ပိုင်းမှာ မွန် ပြည်နယ် ထွက်ကုန်တွေဖြစ်တဲ့ ရော်ဘာ၊ ဒူးရင်း၊ ကြက်မောက်၊ ကျွဲကော၊ မင်းကွတ် တို့ကို ပြသထားပါတယ်။ နောက်ပြီး ပုစွန်၊ သား၊ ငါး၊ ဆားလုပ်ငန်း၊ ကမ္ဘာကျော်ခဲ့တဲ့ မြန်မာနိုင်ငံ ပြည်တွင်းထုတ်တဲ့ ဆေးတံ အစစ်ကိုလည်း ပြသထားပါတယ်။ မွန်ပြည်နယ် ချောင်းဆုံမှာလုပ်တဲ့ ကျောက်သင်ပုန်းမှာလည်း မွန်ဗျည်း ၃၅ လုံး

ကို ပြသထားပါတယ်။ ဂုဏ်ပြုယာဉ် အမှတ်(၃)မှာဆိုရင် မွန်ရိုးရာတွေဖြစ်တဲ့ မွန်တူရိယာသုံးမျိုး၊ မွန်ရိုးရာအိမ်၊ စောင်တွေထဲမှာ မုဒုံစောင်က အနွေးဆုံးဆိုတဲ့အတိုင်း မုဒုံကထွက်ရှိတဲ့ စောင်တွေကို ပြသထားပါတယ်။

စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုကနေ ထင်ရှားတဲ့ ယဉ်ကျေးမှု လက္ခဏာ၊ ထုတ်ကုန်တွေကို ပြည်သူတွေ သိရှိအောင် ပြသထားတဲ့အတွက် မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာကို တစ်နေရာတည်းမှာ အကုန်လုံး သိရှိသွားမှာဖြစ်တဲ့အတွက် တပေါင်းကွင်းကို လာရောက်လေ့လာ ကြည့်ရှုရင် ဗဟုသုတများစွာ ရရှိမှာဖြစ် တဲ့အတွက် ဂုဏ်ပြုယာဉ်တွေကို ကြည့်ရှုရင်း တိုင်းရင်းသားရိုးရာ အစားအစာတွေ ရောင်းချပေးနေတဲ့အတွက် ရိုးရာအစား အစာတွေကို စားသုံးရင်း လာရောက်ဖို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ကိုယ်စား ဖိတ်ခေါ်ပါတယ်။

တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်

ဓာတ်ပုံ-ကိုကြီးထိန်