Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားကွင်း၊ အားကစားရုံများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၃၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အားကစားကွင်း၊ အားကစားရုံ များဆောက်လုပ်ရန် လျာထားသည့် မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ ဘောလုံးအားကစားကွင်း၊ ဘောလုံးကွင်းပတ်လည် ခြံစည်းရိုးအုတ်တံတိုင်းကာရံထားရှိမှု၊ ဂိုးတိုင်ပိုက်များတပ်ဆင်ထားရှိမှုနှင့် ပွဲကြည့်စင် တို့ကိုလည်းကောင်း၊ ရေသုံးစွဲမှုအဆင်ပြေစေရေးအတွက် ရေစင်တည်ဆောက်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြည်စေရေး၊ ရေရှည်တည်တံ့စေရေး၊ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးတို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အားကစားကွင်းအတွင်း ဆောက်လုပ်ရန်လျာထားသည့် ပွဲကြည့်စင်နှင့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာများနှင့် ရေစင်တည်ဆောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပျဉ်းမနားမြို့နယ် ပြည်သူ့ပေါင်းလောင်းအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ၊ ပွဲကြည့်စင်၊ အဆောက်အအုံများတွင် ရေလုံလောက်စွာရရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ထရန်စဖော်မာမီးလိုင်း သွယ်တန်းထားရှိမှုနှင့် အုတ်နံရံပြိုကျပျက်စီးမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် Synthetic ပြေးလမ်း ထည့်သွင်းတည်ဆောက်နိုင်ရေးအတွက် လျာထားစီမံဆောင်ရွက်သွားရန်၊ အားကစားကွင်း၊ အားကစားရုံ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများ လာရောက် လေ့ကျင့်ကစားနိုင်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်