နေပြည်တော် ဇန်နဝါရီ ၂၈
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ တိုးမြှင့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာတစ်နိုင်ငံလုံး အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၁ သန်းခန့်နှင့် အကြိမ်ပြည့်ထိုးနှံပြီးစီးသူ ၁၈ ဒသမ ၇ သန်းခန့်ရှိရာ အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးစီးသူ စုစုပေါင်း ၂၂ သန်းခန့်ရှိပြီဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဆာဆာကာဝါဖောင်ဒေးရှင်းနှင့် ရုရှား သမ္မတနိုင်ငံတို့မှ နှစ်နိုင်ငံချစ်ကြည်မှုအရ လှူဒါန်းခြင်းဖြင့် ရရှိထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို အလှူရှင်နိုင်ငံများက ဦးစားပေးထိုးနှံစေလိုသည့် ဒေသများတွင် ထိုးနှံပေးလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားမှု၊ သေဆုံးမှုနှုန်း ကျဆင်းစေရန်အတွက် လွှမ်းခြုံမှုရာခိုင်နှုန်းကို ရာနှုန်းပြည့်မီရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲ ပြဿနာများ လျော့နည်းစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများမှ ကြီးကြပ်ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားအသစ်များ ထပ်မံထည့်သွင်း၍ အမျိုးအစားစုံလင်စွာထိုးနှံ လာသည့်အတွက် ပြည်သူလူထုအနေဖြင့် ထိုးနှံရမည့် ကာကွယ်ဆေးအမျိုးအစား၊ ထိုးနှံရမည့် အချိန်ကာလကို ရှင်းရှင်းလင်းလင်းသိရှိစေရန် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး များကို အအေးလမ်းကြောင်းမပျက် သိုလှောင်သိမ်းဆည်းထားရန်နှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်များသို့ အအေးလမ်းကြောင်းမပျက် စနစ်တကျ ပို့ဆောင်သွားရန် တာဝန်ရှိသူများက ကြီးကြပ်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။ ။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် လွှမ်းခြုံမှုရာခိုင်နှုန်း၊ ရည်မှန်းလူဦးရေတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးကြရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် စီမံချက်မန်နေဂျာ ဒေါက်တာမျိုးစုကြည်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်