ရန်ကုန် ဇန်နဝါရီ ၁၉
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက် ရှိသည်။
ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းမှ ရရှိထားသည့် Sputnik Light ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့၌ ယနေ့တွင် စတင်ထိုးနှံပေးလျက်ရှိပြီး လူဦးရေစုစုပေါင်း (၄,၀၅၀)ဦးကို ထိုးနှံပေးခဲ့ပါသည်။ အဆိုပါ Sputnik Light ကာကွယ်ဆေးသည် တစ်ကြိမ်သာထိုးနှံရန် လိုအပ်ပြီး ရောဂါကာကွယ်မှုနှုန်း ကောင်းမွန်သည့် ကာကွယ်ဆေးဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်း မြင့်မားစွာရရှိစေနိုင်ပါသည်။ Sputnik Light ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပြတ် သယ်ယူ ပို့ဆောင်ရန်နှင့် ကာကွယ်ဆေးထိုးနှံရန် သင့်လျော်သည့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြား တိုင်းဒေသကြီး/ပြည်နယ်များရှိ ကာကွယ်ဆေးလွှမ်းခြုံမှု နည်းပါးသည့် မြို့နယ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ အထိ လူဦးရေ (၁၇.၈၆)သန်းကို အကြိမ်ပြည့်ထိုးနှံပေးခဲ့၍ (၃.၆) သန်းကို တစ်ကြိမ် ထိုးနှံပေး ခဲ့ပြီး ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်နှင့်အထက်ထိုးနှံပြီးသူ (၂၁.၄၆) သန်းခန့်ရှိပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၃၉.၄၈) သန်း doses ကို ထိုးနှံပြီးဖြစ်ပါသည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန