နေပြည်တော် ဇန်နဝါရီ ၃၀
World Pulses Day 2021 အခမ်းအနားနှင့် မြန်မာနိုင်ငံဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပထမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတို့ကို ယနေ့ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Video Message ပေးပို့၍ အမှာစကားပြောကြားသည်။
World Pulses Day 2021 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ထွက်ကုန် ပဲမျိုးစုံများ၏ ပြည်ပတင်ပို့မှု အခြေအနေများ၊ ရှေ့အလားအလာများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပဲမျိုးစုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် လယ်ယာ ကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ပဲမျိုးစုံတင်ပို့မှုတွင် ပင်လယ်ရေကြောင်းတင်ပို့မှုမှ (၆၅) ရာခိုင်နှုန်းနှင့် နယ်စပ်မှ တင်ပို့မှုမှ (၃၅) ရာခိုင်နှုန်း အသီးသီးရှိပါကြောင်း။
မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရာတွင် ၂၀၁၉ ခုနှစ် စာရင်းများအရ နိုင်ငံပေါင်း (၆၀) ခန့်ကို တင်ပို့လျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှား၊ ဂျပန်နိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိပါကြောင်း။
ထူးခြားချက်အနေဖြင့် ကိုဗစ်ကူးစက်ရောဂါကြောင့် အခြားသောပို့ကုန်များ၌ လျော့နည်း ကျဆင်းမှုများ တွေ့ရှိရသော်လည်း ပဲမျိုးစုံအပါအဝင် လယ်ယာစိုက်ပျိုး သီးနှံပို့ကုန်များမှာ ကျဆင်းမှုမရှိဘဲ ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ပဲမျိုးစုံပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) တွင် ပဲမျိုးစုံကဏ္ဍကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း၌ အရည်အသွေးမြင့် ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေး၊ သယ်ယူပို့ဆောင်မှု၊ ကြိတ်ခွဲသိုလှောင်မှုစရိတ် လျှော့ချရေး၊ ပြည်ပသို့ ပဲမျိုးစုံတိုးချဲ့ တင်ပို့နိုင်ရေး၊ ပြည်တွင်းပဲ စားသုံးမှုတိုးမြှင့်ရေး၊ ပဲများကိုကုန်ကြမ်းမှ တစ်ဆင့်မြင့် Value-added ကုန်ချောများအဖြစ် တိုးမြှင့် ထုတ်လုပ်ဖြန့်ချိ တင်ပို့နိုင်ရေးတို့ကိုလည်း ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ပဲမျိုးစုံကဏ္ဍမှာ ဝယ်ယူရောင်းချ ကြိတ်ခွဲမှုများကို လုပ်ကိုင် ဆောင်ရွက် နေသူများ၏ အကျိုးစီးပွားကိုသာမက စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ အကျိုးကိုလည်း ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းဥက္ကဋ္ဌ၊ ပဲစိုက်တောင်သူကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ပြည်ပနိုင်ငံများမှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပထမ အကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒီဂျစ်တယ်စီးပွားရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး EIF Tier-2 အဆင့် စီမံကိန်းဖြစ်သည့် မြန်မာ့ဝန်ဆောင်မှု ကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ခြင်း စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် Digital Economy Innovation Advocacy Project ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလိုပူးပေါင်း ဆောင်ရွက်နိုင်မှုအတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း။
ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာသည့်အတွက် e-Commerce၊ Online Learning၊ Telemedicine၊ အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး၊ အွန်လိုင်းဖျော်ဖြေရေး၊ Sharing Economy စသည့် လူမှုစီးပွားကဏ္ဍ အသီးသီး ဘက်စုံဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် CERP တွင်ပါဝင်သည့် e-Commerce နှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များအရ COVID-19 ကပ်ရောဂါကာလအတွင်း Offline မှ Online သို့ ကူး ပြောင်းမည့် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြု Good Practice Guide များထုတ်ဝေခြင်း၊ SME လုပ်ငန်းများအား ဒီဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ရန် နည်းပညာ အကူအညီများ ပံ့ပိုးပေးခြင်း၊ ကပ်ရောဂါအလွန် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အကြံဉာဏ်များကို ဖော်ထုတ်နိုင်မည့် Application များကို တီထွင်နိုင်ရေး e-Commerce Guidelines ရေးဆွဲခြင်းနှင့် e-Commerce လုပ်ငန်းများကို မှတ်ပုံတင်ပေးနိုင်ရေး အတွက်လည်း ဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေဖြင့် IT နည်းပညာ၊ e-Commerce လုပ်ငန်းများတွင် လူငယ်များ၊ MSMEs အကြား ပိုမိုအသုံးပြုလာစေရန် ကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ e-Commerce Law ကို မူကြမ်းရေးဆွဲနိုင်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ပိုမိုကောင်းမွန်သည့် ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် Trade net 2.0 စနစ်ကိုလည်း အဆင့်အလိုက် အောင်မြင်စွာ အကောင်အထည် ဖော်လျက်ရှိပါကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)