၁။ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့ ဆက်သွယ်ထားသည့် မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရပါသည်။ ဂုတ်ထိပ်တံတားသည် နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် မီးရထားလမ်းတံတားတစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများက လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ခဲ့သော နိုင်ငံ၏ အထင်ကရနှင့် သမိုင်းဝင်တံတားဖြစ်ပါသည်။ ဤအဖျက်လုပ်ရပ်သည် အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝနှင့် စီးပွားရေးဆောင်ရွက်မှုများအပေါ် ပြင်းထန်စွာ ထိခိုက်စေသည်သာမက မြန်မာနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်တစ်ခုအား ထိခိုက်ပျက်စီးစေခြင်း ဖြစ်ပါသည်။
၂။ တံတားကြီးများဥပဒေအရ တံတားကြီးအင်္ဂါရပ်များကို ရည်ရွယ်ချက်ဖြင့် တမင်ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ တံတားရေရှည်တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေမည့် အပြုအမူများမပြုလုပ်ရန် တားမြစ်ထားပါသည်။ ဂုတ်ထိပ်တံတားဖျက်ဆီးခံရခြင်းသည် အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံအဆောက်အအုံကို ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုဖြစ်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂ (ဂ) အရ အကြမ်းဖက်မှုဖြစ်ပါသည်။
၃။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိသော အကြမ်းဖက်ကျူးလွန်မှုအားလုံးကို ပြတ်ပြတ်သားသားရှုတ်ချကြောင်း အသိအမှတ်ပြုထားပါသည်။ ဂုတ်ထိပ်တံတားအားဖျက်ဆီးသည့် အကြမ်းဖက်မှုလုပ်ရပ်သည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးတို့ကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်သည်ဟု မှတ်ယူပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်