Mar 26, 2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ကို ကျပ် ၁၇၁၄၉၈ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင် မတ် ၂၄ ရက်ကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအပေါ်အခြေခံပြီး လူဦးရေ ၅၁ ဒသမ ၃ သန်းနှင့် ခန့်မှန်းထားသည့် တစ်ဦးကျထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကို ၃ ဒသမ ၃ သန်းကျော်ရရှိစေရန် လျာထားသည်ဟုလည်း သိရှိရသည်။