ကျန်းမာရေးအတွက် ဘက်စုံအသုံးဝင်သည့် ဆေးဖက်ဝင်ဗောက်သီး
ဒေါက်တာလပြည့်ခင်
ဗောက်သီးဆိုသည်မှာ ပူဖောင်းကဲ့သို့ အခွံပါးလေးများကာရံထားသောအတွင်း၌ သေးငယ်ပြီး ရွှေဝါရောင်သန်းသည့် ဘယ်ရီသီးတစ်မျိုးဖြစ်ပါသည်။ Gooseberry ဟုခေါ်သည့်ဗောက်သီးသည် စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ ဘယ်ရီအမျိုးနွယ်ဝင်တစ်မျိုးလည်းဖြစ်သည်။ ဗောက်သီးကို အင်္ဂလိပ်လို Ground Cherry ဟုခေါ်ပြီး သိပ္ပံနာမည်မှာ Physalis Peruviana ဟုခေါ်ဆိုပါသည်။ အခြားဒေသများတွင် Cape Gooseberry ဟုလည်း ခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။
ဗောက်ပင်မှာ အရိုင်းနှင့်အယဉ်ဟူ၍ နှစ်မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင်နှင့် အာနိသင်များမှာတူသည်ဟု ပြော၍ရပါသည်။ အဝါရောင်စိုစို ဗောက်သီး၏ ပုံစံနှင့် အရသာမှာ ခရမ်းချဉ်သီးအလုံး သေးများနှင့် ဆင်တူသော်လည်း အရသာမှာ ခရမ်းချဉ်သီးထက် ပို၍အချိုကဲပြီး ခံတွင်းရှင်းစေပါသည်။ ဗောက်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် အချိုပွဲများ၊ ကိတ်မုန့်၊ သကြားလုံးနှင့် မုန့်များ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုသကဲ့သို့ သရေစာအနေဖြင့် အစိမ်းစားခြင်းမျိုးလည်းရှိပါသည်။
ဗောက်သီးပင်များသည် တောင်အမေရိကဒေသတွင် အဓိကပေါက်ရောက်လေ့ရှိပြီး ကိုလံဘီယာ၊ အီကွေဒေါနှင့် ပီရူးနိုင်ငံတို့တွင်လည်း ပေါက်ရောက်တတ်ပါသည်။ ဗောက်ပင်အရိုင်းများကို မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အများဆုံးတွေ့ရလေ့ရှိပြီး ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတွင်လည်း ပေါက်ရောက်တတ်ပါသည်။ ဗောက်သီးပင်မျိုးစိတ်စုစုပေါင်း ၇၀ ခန့်ရှိပြီး အအေးပိုင်းတွင် ပေါက်ရောက်သော ဗောက်သီးများသည် အလုံးအရွယ်အစားပိုကြီးပြီး အရောင်ပိုရင့်သည်။ ဗောက်ပင်ကို နိုင်ငံများစွာတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး အိန္ဒိယနိုင်ငံတွင် ဗောက်သီးအမျိုးအစားများစွာ စိုက်ပျိုးလေ့ရှိကာ စိုက်ပျိုးသည့် အမျိုးအစားပေါ်မူတည်၍ အရွယ်အစားနှင့် အရောင်ကွဲပြားသွားပါ သည်။ ဈေးကွက်တွင် ဗောက်သီးတစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၁၀၀၀၀ ဈေးနှုန်းရှိပြီး စိုက်ပျိုးရလွယ်ကူသောကြောင့် ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်လာသည်နှင့်အညီ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုများ၊ သီးခြားစိုက်ပျိုးမှုများလည်းရှိပါသည်။
ဗောက်သီးကို ဖောင်ဖောင်သီး၊ ဗောက်လောက်သီး၊ ဘောင်ဘောင်သီး စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြပြီး အညာဒေသတွင် ဗောက်လောက်ပင်ဟု ခေါ်ဆိုကြသည်။ ဗောက်သီးပင်သည် တစ်ရာသီသာခံသော ခရမ်းပင်၊ ခရမ်းချဉ်ပင်နှင့် သခွားပင်တို့ကဲ့သို့ ပင်ပျော့အမျိုးအစားဖြစ်ပြီး အရွက်များမှာ အစိမ်းရောင်နုနုမှ အစိမ်းရောင်ရင့်ရင့်အထိ ဖြစ်နိုင်ပါသည်။ အသီးမှာ ဘောလုံးကဲ့သို့ လေဖောင်းဖောင်းထဲတွင် သီးခြင်းဖြစ်သည်။ အပေါ်ခွံနှင့် အသီးမှာ နုစတွင်စိမ်းပြီး မှည့်လာလျှင် အသီးများမှာ ရွှေဝါရောင်သန်းလာ၍ အပြင်ခွံပါ အဝါဖျော့ရောင်ဖြစ်လာကာ ခွာရလွယ်ကူလာပါသည်။
မြန်မာနိုင်ငံတွင် အတွေ့များသည့် ဗောက်သီးပင်များမှာ စားသုံး၍ရသော အရိုင်းပင်များဖြစ်သည်။ အရောင်အနေဖြင့် စိမ်းဝါဝါရှိပြီး ဗီတာမင်စီအဓိကပါဝင်သည့်အတွက် ရောင်ရမ်းခြင်းနှင့် သရက်ရွက်ကြီးခြင်းတို့ကို ကုသနိုင်ပါသည်။ တိရစ္ဆာန်မွေးမြူသူများသည် ရှေးနှစ်ပေါင်းများစွာကတည်းက ဗောက်ပင်ကို ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စသည့်တိရစ္ဆာန်တို့၏ ခန္ဓာဗေဒဓာတ်သဘာဝများကို ထိန်းညှိပေးသောအပင်အဖြစ် အသုံးပြုကြသည်။ ဗောက်သီးတွင် ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင်နှင့် သတ္တုဓာတ်များလည်း ပါဝင်ပါသည်။ ယင်းအပြင် ခန္ဓာကိုယ်အတွက် လိုအပ်သော အကျိုးပြုသည့် ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ကြွယ်ဝစွာ ပါဝင်ပါသည်။ ဗောက်သီးတွင်ပါဝင်သောဓာတ်များသည် ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဗက်တီးရီးယားများသာမက အကျိုးမပြုသော ဗက်တီးရီးယားများကိုပါ သေစေနိုင်သည့် အစွမ်းရှိကာ အသားအရေကိုလည်း အကျိုးပြုပါသည်။
ဗောက်သီးကို မြန်မာနိုင်ငံ၌ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ရလွယ်ကူပါသည်။ ဗောက်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများအနက် စိတ်ဝင်စားစရာအချက်အချို့မှာ နှလုံး၊ အသည်းနှင့် ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဆီးချိုကိုထိန်းပေးခြင်း၊ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း၊ ဗီတာမင်အေကြွယ်ဝသောကြောင့် မျက်လုံးကို ကျန်းမာစေခြင်း၊ အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေခြင်းနှင့် ကိုယ်အလေးချိန် လျှော့ချပေးခြင်းတို့ဖြစ်သည်။
ဗောက်သီးတွင်ပါဝင်သောအာဟာရဓာတ်များ
ဗောက်သီးတွင် ကယ်လိုရီပမာဏနည်းပါးပြီး အသားအရေနှင့် ခန္ဓာကိုယ်အတွက်ပါ အကျိုးပြုသည့် ဗီတာမင် A ၊ ဗီတာမင် B1 ၊ ဗီတာမင် B3 နှင့် ဗီတာမင် C ကဲ့သို့ ဗီတာမင်များနှင့် သတ္တုဓာတ်များ ဖြစ်သည့် ကယ်လ်ဆီယမ် (Ca)၊ သံဓာတ် (Fe) နှင့် ဖော့စပရပ်စ် (P) တို့လည်း အတော်အသင့်ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် ဗောက်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ပိုလီဖီနောလ် (Polyphenols) နှင့် ကယ်ရိုတနွိုက် (Carotenoid) များလည်း ပါဝင်ပါသည်။
ဗောက်သီးမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ
ဗောက်သီးသည် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ပြေစေခြင်း၊ ဆီးချိုဝေဒနာကို ထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာများကို တိုးမြှင့်ပေးနိုင်ခြင်း၊ ပြင်းထန်သော ဝေဒနာအချို့မှ ကာကွယ်ပေးနိုင်ခြင်း၊ နှလုံးကျန်းမာသန်စွမ်းမှုကို တိုးမြှင့်ပေးခြင်းနှင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်ရန် လုပ်ဆောင်ပေးနိုင်သည့်အစွမ်းရှိပါသည်။ ကိုယ်လက်စထရောကို ထိန်းညှိပေးပြီး နှလုံးတွင်ဖြစ်တတ်သောရောဂါများကို လျော့ကျစေသည့်အတွက် ဗောက်သီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာစေပါသည်။ ဗောက်သီးဖျော်ရည်တွင် နှလုံး၏လုပ်ဆောင်မှုများကို ကောင်းမွန်စေရန်အတွက် အထောက်အကူပြုသည့်အရေးပါသော Phyto-chemical အချို့ပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ကို သက်သာစေပါသည်။
ဗောက်သီးတွင် Fructose ကြွယ်ဝစွာပါဝင်သောကြောင့် ဆီးချိုဝေဒနာသည်များစားသုံးရန် အထူးသင့်တော်ပါသည်။ ဗောက်သီးတွင် ပါဝင်သည့်အမျှင်ဓာတ်သည် ဆီးချို(Diabetes) ကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကျစေသည့်အတွက် သွေးတိုးနေသည့်အချိန်တွင် ဗောက်သီးကိုစားသုံးပေးခြင်းဖြင့် သွေးပေါင်ကျစေပါသည်။
ဗောက်သီးတွင် ပိုလီဖီနောလ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် ပန်းနာရင်ကျပ်သက်သာစေသောဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ ရောင်ရမ်းမှုသက်သာစေသောဆေး၊ ဝမ်းပျော့ဆေးနှင့် ဝမ်းနုတ်ဆေးများထုတ်လုပ်ရာတွင် အသုံးပြုသကဲ့သို့ အစာအိမ်ဝေဒနာများအတွက်လည်း အသုံးပြုနိုင်ပါသည်။
ထို့ပြင် ဗောက်သီးတွင်ပါဝင်သော ပိုလီဖီနောလ်နှင့် ကယ်ရိုတနွိုက်များကြောင့် အဆုတ်ကင်ဆာကိုကုသရာတွင် အကျိုးရှိစေနိုင်သည့်အပြင် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိရှိသဖြင့် ကင်ဆာကုသမှုတွင် အထောက်အကူပြုနိုင်ပါသည်။
ဗောက်သီးတွင် ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် မျက်လုံးကိုကျန်းမာစေပြီး ရေတိမ်ဖြစ်ခြင်းနှင့် မျက်လုံးကြွက်သားများ ပျက်စီးခြင်းကို ကာကွယ်ပေးပါသည်။ ဗောက်သီးတွင် ဖရီးရာဒီကယ် (Free Radical) များကို ထိန်းချုပ်နိုင်သည့် အစွမ်းရှိသဖြင့် အာရုံကြောဆိုင်ရာရောဂါများအပါအဝင် ရောဂါအတော်များများကို ခုခံရာတွင် အထောက်အကူပြုပါသည်။
ထို့ပြင် ဗောက်သီးတွင် အရိုးများကိုကြံ့ခိုင်သန်စွမ်းရန်လိုအပ်သော ကယ်လ်ဆီယမ် (Ca) နှင့် ဖော့စဖရပ်စ် (P) များစုပ်ယူမှုကို အထောက်အပံ့ပေးသည့် ပက်တင် (Pectin) ပါရှိပါသည်။ ထို့အပြင် အမျိုးသားများတွင် ဖြစ်တတ်သည့် ဒူလာနှင့် အရေပြားနီမြန်းရောင်ရမ်းခြင်းကို ကုသရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဗောက်သီးတွင် ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးနိုင်သော ဗီတာမင်စီပါဝင်သောကြောင့် ခန္ဓာကိုယ်မှ လိုအပ်သည့်ဗီတာမင်စီကို ပြည့်ဝစေပါသည်။
ဗောက်သီး၏ ဘေးထွက်ဆိုးကျိုးများ
မမှည့်သေးသည့်ဗောက်သီးတွင် ဓာတ်မတည့်မှုကို ဖြစ်စေနိုင်သည့် အဆိပ်ရှိသော အယ်လ်ကာလွိုက် (Alkaloid) အနည်းငယ်ပါဝင်သောကြောင့် ဗောက်သီးကိုမမှည့်မီ မစားသုံးသင့်သကဲ့သို့ ချယ်ရီသီးမျိုးရင်းဝင်၊ ဘယ်ရီသီးမျိုးရင်းဝင်အသီးများနှင့် ဓာတ်မတည့်သူများအနေဖြင့် ဗောက်သီးမစားသုံးသင့်ပေ။ ထို့အပြင် ဗီတာမင်စီ၊ ဗီတာမင်အေတို့နှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ဗောက်သီးကို လုံးဝမစားသုံးသင့်ပေ။ သို့သော် တစ်ကြိမ်တည်းတွင် အလုံးအရေအတွက် များများမစားသင့်ကြောင်း ပညာရှင်များက အကြံပြုထားပါသည်။
ကိုယ်ဝန်ဆောင်မိခင်များစားသင့်သော ဗောက်သီး
ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးပါ ကျန်းမာစေရန်အတွက် ကိုယ်ဝန်ဆောင်ချိန်တွင် တစ်နေ့လျှင် သစ်သီးတစ်မျိုးပါအောင်စားသုံးသင့်ပြီး စားသုံးပေးသင့်သည့်အသီးများထဲတွင် ဗောက်သီးလည်း ပါဝင်နေပါသည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဗောက်သီးကို စားမည်ဆိုလျှင် မြေဆီလွှာတွင်ရှိနေတတ်သည့် ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တတ်သည့် Toxoplasmosis ရောဂါဖြစ်စေနိုင်သောကြောင့် ရေဖြင့်သေချာစင်ကြယ်အောင် ဆေးကြောပြီးမှသာ စားသင့်ပါသည်။ အမျိုးသမီးအများစုတွင် ဤကပ်ပါးပိုးကို ခုခံတိုက်ထုတ်နိုင်သည့် Antibodies ရှိနေတတ်သော်လည်း မရှိသူများအနေဖြင့် ရောဂါပိုးဒဏ်ကို ခံရနိုင်ပါသည်။
အချုပ်အားဖြင့် Gooseberry ဟုခေါ်သည့် ဗောက်သီးကို စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ သရေစာအဖြစ် အသီးလိုက်စားနိုင်သကဲ့သို့ ဖျော်ရည်အနေဖြင့်ဖြစ်စေ၊ အချိုပွဲအနေဖြင့်ဖြစ်စေ အသုံးပြုနိုင်ပါသည်။ ဗောက်သီးတွင် သံပရာသီးထက် ဗီတာမင်စီနှစ်ဆနီးပါးပါဝင်သည်။ ကျန်းမာရေးအတွက် ဘက်စုံအသုံးဝင်သည့် ဗောက်သီးပင်ကို စီးပွားဖြစ်စိုက်ပျိုးနိုင်သည့် သီးနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက ဝင်ငွေတိုးလာမည့် သီးနှံတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။