Skip to main content

‘ဝင်ငွေတိုးစီမံကိန်းများ’ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေမည်…..

မောင်ကျော်မိုး (SSID)

မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိကြပါသည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံတိုးတက်ဖို့ဆိုပါက ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခင်ရှိခဲ့ပြီးသော သမဝါယမဝန်ကြီးဌာနအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပေါင်းစပ်လျက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအဖြစ်ဖွဲ့စည်း၍ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနသည် ပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးကို အဓိကဦးတည်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ (ဝင်ငွေတိုးစီမံကိန်း)အား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ ၁၅၁ ရွာကို ရွေးချယ်၍ ရှေ့ပြေးစမ်းသပ်ခြင်း Pilot Project အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်မူ စီမံကိန်းကျေးရွာ ၂၁၂ ရွာ ကိုတိုးချဲ့၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရေးအတွက် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်သည်အထိ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းဆောင်ရွက်ပေးခြင်း၏ မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ မျှော်မှန်းချက်နှင့်အညီ သမဝါယမကဏ္ဍနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး ကျေးလက်နေပြည်သူများ၏ နေ့စဉ်ဖြတ်သန်းနေရသော လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိပါသည်။

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းအများအပြား၏ တိုးတက်မှုအတွက် အဓိကအတားအဆီးသည် ရင်းနှီးမတည်ငွေ အထောက်အပံ့ရရှိရန်ဖြစ်သည်ကိုလည်း တွေ့ရှိရပါသည်။ အသေးစားကုန်ထုတ် လုပ်ငန်းများထူထောင်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သဖြင့် အဆိုပါစီမံကိန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း စီမံကိန်းဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်ကိုလည်း သိရှိရပါသည်။

မြို့ပြနှင့် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ လိုအပ်ချက်များများပြားသည့်အတွက် ရရှိနိုင်သော လူအား၊ ငွေအား၊ ပစ္စည်းအား အရင်းအမြစ်များအပေါ်မူတည်၍ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများ ရွေးချယ်ရာတွင် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသော စီးပွားရေးဦးတည်ချက်များနှင့်အညီ ဖြစ်စေရန်လည်း အလေးထားဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။

အခြားရည်ရွယ်ချက်များအနေဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု စီမံကိန်းဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန်၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်စေပြီး ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကြောင်းလည်း သိရှိရပါသည်။

စီမံကိန်းတွင် ပါဝင်သော ဦးတည်လုပ်ငန်းနယ်ပယ် (၇) ရပ်

စီမံကိန်း၌ ဦးတည်လုပ်ငန်းနယ်ပယ် (၇)ရပ်ထားရှိပြီး အဆိုပါနယ်ပယ်(၇)ရပ်မှာ ဒေသတစ်ခုထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်ကြောင်း သိရှိရပါသည်။

ဒေသတစ်ခု ထုတ်ကုန်တစ်ခုဆောင်ရွက်မည့်လုပ်ငန်းမှာ ပြည်တွင်းဈေးကွက်၌ အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများအား သက်သာသောနှုန်းထားဖြင့် ပြည်သူများအတွက် ရောင်းချနိုင်ရေး၊ မိရိုးဖလာလုပ်ငန်းများအပါအဝင် ဒေသထွက် ကုန်ကြမ်းပစ္စည်းများအပေါ် အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်းမှာ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်ရာတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာသင်တန်းပေးခြင်း၊ လုပ်ငန်းထူထောင်ပေးခြင်းနှင့် ကျေးရွာသူ ကျေးရွာသားများ ဝင်ငွေတိုးပွားအောင် ဆောင်ရွက်ပေးခြင်းတို့ကို အဓိကထားဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းမှာ ကျေးလက်ဒေသရှိ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသော လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန်အတွက် အတတ်ပညာများသင်ကြားပေးခြင်း၊ သင်တန်းဆင်း လူငယ်လူရွယ်များအား အလုပ် အကိုင်ရရှိစေရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်းမှာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံ၏ GDP မြင့်မားလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအားမြင့်တက်နိုင်ရန် အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လုပ်ငန်းများထူထောင်နိုင်ရန်အတွက်လည်း လိုအပ်သည့်အရင်းအနှီးနှင့် လုပ်ငန်းသုံးပစ္စည်းများရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ဈေးကွက်၊ နည်းပညာများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းမှာ အိမ်ထောင်စုတစ်စု၌ အမျိုးသမီးအများစုသည် မှီခိုသူများဖြစ်ကြ၍ အိမ်မှုကိစ္စရပ်များဖြင့် နေအိမ်အတွင်း၌သာ အချိန်ကုန်ပြီး မိသားစုဝင်ငွေ လုံလောက်မှုမရှိသည့်ပြဿနာများ ကြုံတွေ့နေရသည့်အတွက် အမျိုးသမီးများ အိုးမကွာ အိမ်မကွာဖြင့် ဝင်ငွေရှာဖွေရေး ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်းမှာ အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လက်အောက်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းထားရှိရာ အဆိုပါကော်မတီတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အဖွဲ့ဝင်အဖြစ်ပါဝင်သည့်အတွက် ဘေးဒဏ်သင့်ဒေသများ၌ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးပြီး သင်တန်းဆင်းပြီးသူများကို လုပ်ငန်းထူထောင်ပေးခြင်းဖြစ်ပါသည်။

ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုး အသေးစား ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်မည့်လုပ်ငန်းမှာ နိုင်ငံတော်အဆင့်အနေဖြင့် မြန်မာနိုင်ငံမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ကွပ်ကဲမှုအောက်တွင် အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိရာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့တွင် အဖွဲ့ဝင် အဖြစ်ပါဝင်သည့်အတွက် ဌာနအနေဖြင့် ဘိန်းစိုက်တောင်သူများအတွက် အခြေခံဝန်ဆောင်မှုများ၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် တရားမဝင်ဘိန်းစိုက်ပျိုးမှုကို တစ်စတစ်စ လျှော့ချသွားရမည်ဖြစ်ပါသဖြင့် ဘိန်းစိုက်ပျိုးသည့် မြို့နယ် ၅၅ မြို့နယ်ရှိ ဒေသခံပြည်သူများ စီးပွားရေး အခွင့်အလမ်းပိုမိုရရှိစေရန်အတွက် ဒေသနှင့်သင့်လျော်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပေးပြီး သင်တန်းဆင်းပြီးသူများအား လုပ်ငန်းထူထောင်နိုင်ရန် လိုအပ်သောကုန်ကြမ်းများနှင့် စက်ပစ္စည်းများကို ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းတွင် ဆောင်ရွက်သည့် အဓိကလုပ်ငန်းစဉ်(၃)ရပ်

စီမံကိန်းလုပ်ငန်း၌ဆောင်ရွက်သည့် အဓိကလုပ်ငန်းစဉ်(၃)ရပ်မှာ (၁) ကျေးရွာ၏ လိုအပ်ချက်နှင့် ဒေသထွက်ကုန်ကြမ်းများအပေါ်မူတည်၍ သင့်လျော်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာသင်တန်းများပို့ချပေးခြင်း (တစ်နည်းအားဖြင့် လုပ်ငန်းထူထောင်နိုင်သည်အထိ တက်မြောက်အောင်သင်ကြားပေးခြင်း)၊ (၂) သင်တန်းတက်ရောက်သူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ငါးဦးကိုရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သောနည်းပညာနှင့် လုပ်ငန်းသုံး ပစ္စည်းများထောက်ပံ့ပေးခြင်း၊ (၃)ဈေးကွက်ဆိုင်ရာ သင်တန်းပေးခြင်းနှင့် ဈေးကွက်များသို့ ချိတ်ဆက်ပေးခြင်းတို့ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်း နယ်မြေ၊ ဒေသ၊ ကျေးရွာများ ရွေးချယ်နိုင်ရန် ဆောင်ရွက်ခြင်း

စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် နယ်မြေ၊ ဒေသ၊ ကျေးရွာများ အတည်ပြုဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များ ပူးပေါင်းကွင်းဆင်း၍ စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့်ဒေသအား ရွေးချယ်ဆောင်ရွက်ပါသည်။ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားသည့်ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများအား ဖိတ်ကြား၍ ဆောင်ရွက်မည့်လုပ်ငန်းပုံစံ၊ ဆောင်ရွက်ရန်လိုအပ်သည့် နည်းပညာသင်တန်းများ ပို့ချပေးမည့်အခြေအနေ၊ ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးမည့်အခြေအနေ၊ ကျွမ်းကျင်သင်တန်းသားများ ရွေးချယ်၍ လုပ်ငန်းထူထောင်ပေးမည့် အခြေအနေများကို ဦးစွာ ရှင်းလင်းချပြဆွေးနွေးပါသည်။

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း (ဝင်ငွေတိုးစီမံကိန်း) ကျေးရွာများကို ရွေးချယ်ရာတွင် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် အလားအလာရှိသော ကျေးရွာ၊ ထုတ်ကုန်များ ဈေးကွက်သို့ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အချက်အချာကျသော ကျေးရွာ၊ ကျေးရွာသူကျေးရွာသားများ၏ အသေးစားကုန်ထုတ်လုပ်ငန်းများအပေါ် စိတ်ဝင်စားမှုရှိပြီး လုပ်ငန်းထူထောင်ရန် စိတ်အားထက်သန်မှုရှိသော ကျေးရွာ၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပေါများစွာထွက်ရှိသည့် ကျေးရွာ၊ လူငယ်လူရွယ်များ အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ဦးရေများသော ကျေးရွာ စသည့်အခြေခံအချက်များအပေါ်မူတည်၍ အတည်ပြုရွေးချယ်ကြောင်း သိရှိရပါသည်။

စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဝင် ရွေးချယ်ခြင်း

စီမံကိန်းကျေးရွာများ ရွေးချယ်ပြီးသည့်နောက်တွင် စီမံကိန်းအောင်မြင်စေရန် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်ရွေးချယ်ရာ၌ ကျေးရွာလူထုက ယုံကြည်အားထားရသူ၊ အများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် အချိန်ပေးဆောင်ရွက်နိုင်သူ၊ အများအကျိုးဆောင်ရွက်လိုစိတ်ရှိသူ၊ စီမံကိန်းလုပ်ငန်းအပေါ် စိတ်ပါဝင်စားသူ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်သူ၊ ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် အကျွမ်းတဝင်ရှိသူ၊ ကျေးရွာတွင် အနည်းဆုံး သုံးနှစ်အခြေချနေထိုင်သူဖြစ်ပြီး ရေရှည်တွင်လည်း ဆက်လက်နေထိုင်သူများအား ကော်မတီဝင်အဖြစ် ရွေးချယ်ဖွဲ့စည်းဆောင်ရွက်ပေးပါသည်။ အဆိုပါစီမံကိန်းအောင်မြင်စေရန် ကျေးရွာတွင်နေထိုင်သူများ ကိုယ်တိုင်ပါဝင်ကြီးကြပ်စေခြင်းဖြစ်ပါသည်။

စီမံကိန်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော နည်းပညာဆိုင်ရာသင်တန်းများ

အဆိုပါစီမံကိန်း၌ သင်ကြားပေးသော နည်းပညာဆိုင်ရာသင်တန်းများမှာ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လက်မှုထည်ထုတ်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ သံဂဟေဆက်နည်းပညာ သင်တန်း၊ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်မှု နည်းပညာသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းနည်းပညာသင်တန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ခြင်းနည်းပညာသင်တန်း၊ လက်ရက်ကန်း၊ စက်ရက်ကန်းနှင့် ရိုးရာဂျပ်ခုတ်ဆိုင်ရာ နည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာသင်တန်းနှင့် အခြားလိုအပ်သော နည်းပညာသင်တန်းများဖြစ်ကြောင်း သိရပါသည်။ အဆိုပါသင်တန်းများကို စီမံကိန်းကာလအတွင်း လုပ်ငန်းထူထောင်နိုင်သည်အထိ တတ်မြောက်ကျွမ်းကျင်စေရန်ဌာနမှ နည်းပြများက သင်ကြားပေးခြင်းဖြစ်ပါသည်။

လုပ်ငန်းထူထောင်မည့်သူများအား ရွေးချယ်ခြင်း

စီမံကိန်းဆောင်ရွက်သည့် ကျေးရွာများမှ သင်တန်းတက်ရောက်သူများအနက် လုပ်ငန်း ထူထောင်မည့်သူများအား ရွေးချယ်ရာ၌ စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် သင်တန်းနည်းပြတို့က သင်တန်း၌ စာတွေ့/လက်တွေ့လုပ်ငန်းများတွင် စိတ်ပါဝင်စား၍ ထူးချွန်စွာ လိုက်ပါဆောင်ရွက်နိုင်သူ၊ သင်တန်းတက်ရောက်ပြီးနောက် အမှန်တကယ် လုပ်ငန်းထူထောင်ရန်ဆန္ဒရှိသူ၊ မိမိအကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ဗဟုသုတနှင့် အမြော်အမြင်ရှိသူ၊ ကျေးရွာတွင် အနည်းဆုံး သုံးနှစ်အခြေချနေထိုင်သူဖြစ်ကာ ရေရှည်တွင်လည်း ဆက်လက်နေထိုင်သူဖြစ်ပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သူ၊ လုပ်ငန်းစတင်ထူထောင်ရန် အနည်းဆုံးမတည်ရင်းနှီး ငွေကျပ်နှစ်သိန်း ထည့်ဝင်နိုင်သူ၊ ကျေးရွာလိုအပ်ချက်နှင့် ဈေးကွက်လိုအပ်ချက်ကို သိရှိနားလည်သူ စသည့်အခြေခံအချက်များ ပြည့်စုံသူများကို ဦးစားပေးရွေးချယ်ကြောင်း သိရှိရပါသည်။ အနည်းဆုံးမတည်ငွေ နှစ်သိန်းထည့်ဝင်စေခြင်းမှာ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းတန်ဖိုးအတွက် လုပ်ငန်းထူထောင်မည့်သူကိုယ်တိုင်ပါဝင်၍ ထည့်ဝင်စေခြင်းဖြစ်ပါသည်။

လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် သင်တန်းများပြီးမြောက်ပါက လုပ်ငန်း ထူထောင်မည့်သူများအတွက်တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းမှ ၁၄ သိန်းတန်ဖိုးရှိသည့် လုပ်ငန်းသုံး ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ အဆိုပါလုပ်ငန်းသုံးပစ္စည်းများထုတ်ပေးရာ၌ လုပ်ငန်းလုပ်ကိုင်လိုသူကိုယ်တိုင် စာချုပ်ချုပ်ဆိုရပါသည်။ ငွေကြေးထုတ်ပေးခြင်းမျိုးမဟုတ်ဘဲ လုပ်ငန်းသုံး ပစ္စည်းများကိုသာ ထောက်ပံ့ပေးခြင်းဖြစ်သဖြင့် လုပ်ငန်းငယ်များထူထောင်ရာ၌ များစွာအထောက် အကူဖြစ်စေပါသည်။

ဈေးကွက်ရရှိစေရန် ဆောင်ရွက်ပေးခြင်း

သင်တန်းဆင်းလုပ်ငန်းရှင်များက ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် စားသုံးသူများထံသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာများ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားလာရေး ဈေးကွက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များ၊ ကုန်စည်ပြပွဲများနှင့် ချိတ်ဆက်ခြင်းဖြင့်လည်းကောင်း၊ ထုတ်ကုန်ပစ္စည်း၏ သတင်းအချက်အလက်များကို သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်၊ ရုပ်မြင်သံကြား၊ Social Media များမှတစ်ဆင့် ဖြန့်ဖြူးခြင်းဖြင့်လည်းကောင်း ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ E-commerce Website တစ်ခု ထူထောင်ထားရှိပြီး စီမံကိန်းမှထွက်ပေါ်လာသော လုပ်ငန်းရှင်များနှင့်ဌာန၌ မှတ်ပုံတင်ထားသောလုပ်ငန်းရှင်များကို ချိတ်ဆက်၍ ထုတ်ကုန်များရောင်းချနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ

အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများပေါ်ထွက်လာခြင်းတို့ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေပြီး နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များကို အောင်မြင်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်လျက်ရှိပါသည်။ ဒေသထွက်ကုန်ကြမ်းများအပေါ် ကုန်ချောအဖြစ်ပြောင်းလဲ၍ ဒေသခံပြည်သူလူထုကသုံးစွဲရသဖြင့် သွင်းကုန်အစားထိုးနိုင်ခြင်း၊ သယ်ယူပို့ဆောင်စရိတ် လျော့နည်းသဖြင့် ဈေးနှုန်းချိုသာခြင်း၊ စနစ်တကျဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ထားသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များအားသုံးစွဲနိုင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူနေမှုစီးပွားဘဝမြင့်မားလာပြီး သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးတို့အားထောက်ပံ့ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သော မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။

လတ်တလောအကျိုးရလဒ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးခဲ့သော “ဝင်ငွေတိုးစီမံကိန်း”မှ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကျေးရွာ ၁၅၁ ရွာတွင် စားသောက် ကုန်ထုတ်လုပ်သောလုပ်ငန်းရှင် ၁၆၅ ဦး၊ လူသုံးကုန်ထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင် ၆၅ ဦး၊ ဝါးလက်မှုအနုပညာပစ္စည်း ရောင်းချလုပ်ကိုင်သော လုပ်ငန်းရှင် ၂၅ ဦး၊ သစ်သားပရိဘောဂ ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်ငါးဦး၊ ဖယောင်းတိုင်ထုတ်လုပ်ရောင်းချသူငါးဦး၊ စက်ချုပ်ဆိုင်ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင် ၂၈၅ ဦး၊ တစ်လုံးထိုး အင်ဂျင်ပြုပြင်သည့်ဆိုင် တည်ထောင်လုပ်ကိုင်သူ ၁၀ ဦး၊ သံပန်းသံတံခါးလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦး၊ မော်တော်ဆိုင်ကယ်ပြုပြင်ရေးဆိုင် တည်ထောင်လုပ်ကိုင်သူ ၇၇ ဦး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်သည့်ဆိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ၁၀ ဦး၊ ရက်ကန်းလုပ်ငန်းထူထောင်သူ ၃၅ ဦး၊ စုစုပေါင်းလုပ်ငန်းရှင် ၆၉၇ ဦးကို ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

သို့ဖြစ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေး(ဝင်ငွေတိုး) စီမံကိန်းများသည်‌ ကျေးလက်ဒေသများရှိ လူငယ်လူရွယ်များနှင့် အမျိုးသမီးများအား လုပ်ငန်းငယ်များထူထောင်ပေးခြင်းဖြင့် ကိုယ်ပိုင်ဝင်ငွေများတိုးပွားလာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းကြောင့် မဝေးတော့သည့်အနာဂတ်တွင် တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများ၌ မိသားစုများဝင်ငွေတိုးပွားလာစေတော့မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။