Skip to main content

၂၁ ရာစု လူသားဗဟိုပြုစွမ်းရည်နှင့် အောင်မြင်မှုသော့ချက်

သဲဟန် (ဘန်ကောက်)

လူစိတ်ရှိခြင်း၊ အကြင်နာတရားရှိခြင်းဟာ ဘာကြောင့် ၂၁ ရာစု လူသားဗဟိုပြု ခေါင်းဆောင်တစ်ဦးရဲ့ အောင်မြင်မှုများမှာ အဓိကသော့ချက်ကျနေရတာလဲ။ Anthony Howard ရေးတဲ့ စာအုပ်ခေါင်းစဉ်ကို တွေ့လိုက်ပြီးနောက် ခေါင်းထဲတွေးစရာတွေ ဝင်လာပြီပေါ့။ ဘာတဲ့ “လူသားဗဟိုပြု ခေါင်းဆောင်မှုပညာ ဆိုလားပဲ။

လူစိတ်ရှိခြင်း၊ လူပီသခြင်း၊ ကရုဏာစိတ်၊ မုဒိတာစိတ်ဆိုတာတွေဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ယဉ်ပါးနေတဲ့ ဗြဟ္မစိုရ်တရားလေးပါးပဲလေ။ ဒါတွေကို အနောက်နိုင်ငံသားတွေရေးတဲ့ စာအုပ်တော်တော်များများမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ တွေ့နေရပါတယ်။ အလုပ်ခွင်မှာပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်၊ ဆေးပညာလောကမှာပဲဖြစ်ဖြစ် ကိုယ်ကျင်လည်ကျက်စားရာ ဘယ်ပတ်ဝန်းကျင်မှာမဆို၊ အောင်မြင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိဖို့ မရှိမဖြစ် ဘာတွေလိုအပ် နေသလဲဆိုတဲ့အတွေးတွေ စာရေးသူ ဆက်တိုက်တွေးရင်း ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေကို စားမြုံ့ပြန်နေမိတယ်။

IQ, EQ, EI, Soft Skill တွေကို အကျိုးပြုအောင် ဘယ်လိုသုံးကြမလဲ

လူမှုရေးကျွမ်းကျင်မှုနဲ့ စာနာမှုရှိဖို့က အောင်မြင်မှုရဲ့သော့ချက်လို့လည်း ရေးလာကြပါတယ်။ ကိုယ့်လက်တစ်ကမ်းမှာရှိတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ မိမိအလုပ်ခွင် ကောင်းမွန်တိုးတက်အောင် ဘာလုပ်ကြမလဲလို့ တွေးမိပြန်တော့ ရေပန်းစားနေတဲ့ IQ, EQ, EI, Soft Skill ဆိုတာတွေကို အကျိုးပြုအောင်ဘယ်လိုသုံးကြမလဲ။ ဒါတွေ စာရေးသူတို့အသိုင်းအဝိုင်းမှာ တကယ်ရောရှိရဲ့လား၊ သိရောသိကြရဲ့လားလို့ သုံးသပ်မိလာတယ်။မသိသူ ကျော်သွား၊ သိသူဖော်စားလုပ်တာတွေ တစ်နပ်စားဉာဏ်နဲ့ လူအချင်းချင်းလှည့်ပတ်နေကြတာကိုတော့ လူသားဗဟိုပြုအောင်မြင်မှုသော့ချက်လို့ မထင်မိပါ။

IQ (INTELLIGENT QUOTIENT) ဆိုတာ ဉာဏ်ရည်ပြကိန်း၊ EQ (EMOTIONAL QUOTIENT) ဆိုတာ စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်၊ EI (EMO-TIONAL INTELLIGENT)ဆိုတာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်စွမ်းဉာဏ်စလို့ပဲ ဉာဏ်မီသလို စဉ်းစားကြည့်မိပါတယ်။

ဉာဏ်ရည်အဆင့်သတ်မှတ် စာမေးပွဲကို တီထွင်ခဲ့ကြ

စာရေးသူတို့ တက္ကသိုလ်တက်တုန်းက IQ ဉာဏ်ရည်စံနှုန်းသတ်မှတ်စာမေးပွဲ ဖြေခဲ့ရဖူးတယ်။ အမှတ်တစ်ရာ့ငါးလားရခဲ့ဖူးသလိုပဲ။ သေချာတော့ မမှတ်မိတော့ပါ။ ပျမ်းမျှ အမှတ်တစ်ရာလောက်ရရင်တော့ ပညာဆက်သင်ဖို့ ဉာဏ်ရည်မီတယ်လို့ သတ်မှတ်ပါတယ်။ IQ ကို စိတ်ပညာရှင်ကြီး ALFRED BINET နဲ့ THEODORE SIMON တို့က ၁၉၅၀ ပြည့်နှစ်မှာ ဉာဏ်ရည်အဆင့်သတ်မှတ်စာမေးပွဲကို တီထွင်ခဲ့ကြတာပါ။ ပြင်သစ်အစိုးရက အသက်အပိုင်းအခြားလိုက်၊ ပညာသင်ကြားမယ့် ကလေးတွေဖြေရမယ့် စာမေးပွဲလို ဥပဒေထုတ်ပြန်ခဲ့ပါတယ်။

ဒီစာမေးပွဲမှာ ယထာဘူတကျသော၊ ကျိုးကြောင်းဆင်ခြင်နိုင်သော စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာသရုပ်ခွဲနိုင်သော စွမ်းရည်၊ ဘာသာစကားကျွမ်းကျင်မှု၊ သင်္ချာတွက်နိုင်စွမ်းရှိ မရှိတွေ စစ်မေးပါတယ်။ စာရွက်ခဲတံနဲ့ဖြေတဲ့စာမေးပွဲအမှတ်ကို တိုင်းတာတာပါ။ IQ အမှတ်များတဲ့ ကျောင်းသားတွေကို စာတော်တယ်လို့ ချီးကျူးကြပြီး သူတို့ဟာ အလုပ်ကောင်းကောင်းရမယ်၊ ဘဝမှာ အောင်မြင်မှုရမယ်လို့ ယုံကြည်မှုအပြည့်ရှိကြပါတယ်။ ဒီကနေ့ ၂၁ ရာစုကတော့ IQ စာမေးပွဲအမှတ်နဲ့ ဆုံးဖြတ်လို့မရတော့ပါဘူး။ ၂၁ ရာစု လုပ်ငန်းခွင်မှာ အောင်မြင်မှုရဲ့သော့ချက်ကတော့ EQ , EI ဆိုတဲ့ စိတ်ခံစားမှု ဆိုင်ရာအသိဉာဏ်/ဉာဏ်စွမ်းဉာဏ်စဆိုတဲ့ အယူအဆ၊ သီအိုရီတွေနဲ့ အစားထိုးဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

IQ နဲ့ EI အငြင်းပွားမှုတွေလည်း တွေ့ရ

EMOTION ဆိုတဲ့စကားကို မြန်မာတွေ လွယ်လွယ်သဘောပေါက်လိုက်တာကတော့ ချစ်ခြင်း၊ မုန်းခြင်း၊ ထိလွယ်ရှလွယ်၊ စိတ်ထိခိုက်လွယ်၊ စိတ်လှုပ်ရှားတယ်လို့ ထင်ကြပါတယ်။ EMOTION စကားဟာ လက်တင်ဘာသာ EMOVARE က ဆင်းသက်လာပြီး အဆက်မပြတ်ပြောင်းလဲနေတယ်၊ ရွေ့လျားနေတယ်လို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ IQ နဲ့ EI အငြင်းပွားမှုတွေလည်း တွေ့ရပါ တယ်။ နှစ်ပေါင်းတစ်ရာကျော် အရိုးစွဲလာခဲ့တဲ့ IQ မြင့်မှတော်တယ်၊ စာရွက်ခဲတံနဲ့ စစ်ပေးလို့ရတဲ့ တိုင်းတာလို့ရတဲ့အတွက် ခိုင်မာတယ်၊ EI ကတော့ SUBJECTIVE QUALITY ဖြစ်လို့ ဘာပေတံနဲ့ တိုင်းမှာလဲ၊ စစ်မေးသူရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေလို့ မခိုင်မာဘူးဆိုပြီး အငြင်းပွားတာမျိုးလည်း တစ်ခါတစ်ရံ တွေ့ရပါတယ်၊ IQ စစ်ဆေးမှုကို FORMAL EDUCATION တရားဝင်ပညာရေးမှာ စစ်လေ့ရှိပြီး EI ကတော့ အယူအဆသစ်၊ သီအိုရီသစ်အနေနဲ့ လုပ်ငန်းခွင်မှာ၊ ခေါင်းဆောင်ပိုင်းမှာ မရှိမဖြစ် လူသားဗဟိုပြုအရည်အသွေးများဆိုပြီး တစ်ကမ္ဘာလုံးမှာ တွင်ကျယ်လာခဲ့ပြီဖြစ်ပါတယ်။ စိတ်ပညာရှင်ကြီးလည်းဖြစ်၊ New York Time ရဲ့ သိပ္ပံစာရေးဆရာကြီးလည်းဖြစ်တဲ့ DR. DANIEL GOLEMAN ကို EI ရဲ့ ဖခင်ကြီးလို့တောင် ဒီကနေ့မှာ ပြောစမှတ်ပြုကြပါတယ်။

ဉာဏ်ရည်ဉာဏ်သွေးအမျိုးအစား ခုနစ်မျိုး၊ ကိုးမျိုး

EI ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ၁၉၃၀ လောက်မှာ စိတ်ပညာရှင်ကြီး EDWARD THORNDIKE က SOCIAL INTELLI-GENCE ဆိုတဲ့ လူမှုရေးကျွမ်းကျင်မှု ဉာဏ်စွမ်း ဉာဏ်စကို ရေးသားခဲ့ပါတယ်။ လူတွေနဲ့တည့်အောင်ပေါင်းနိုင်တဲ့ အရည်အသွေးကို မီးမောင်းထိုးထားပါတယ်။ ၁၉၄၀ လောက်မှာတော့ David Wechsler က ဘဝအောင်မြင်မှုမှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးအစိတ်အပိုင်း အချက်အလက်များကို ရေးသားခဲ့ပါတယ်။ ၁၉၅၀ ဝန်းကျင်မှာတော့ လူသားဝါဒစိတ်ပညာရှင်ကြီး Carl Roger အပါ အဝင် စိတ်ပညာရှင်များက စိတ်ခံစားမှုဆိုင်ရာခွန်အားကို လူတွေဘယ်လို တည်ဆောက်ရမလဲ ဆိုတာတွေ ရေးသားဖော်ပြလာကြပါတယ်။ ၁၉၇၅ မှာတော့ Harvard Gardner က ပျံ့နှံ့နေတဲ့စိတ်တွေကနေ ဉာဏ်ရည်ဉာဏ်သွေးအမျိုးအစား ခုနစ်မျိုး၊ ကိုးမျိုး စသည်တို့ကို မိတ်ဆက်ရေးသား လာပါတယ်။

EI ဆိုတဲ့ဝေါဟာရကိုတော့ ၁၉၈၅ မှာ WAYNE PAYNE ရဲ့ ဒေါက်တာဘွဲ့ သုတေသနစာတမ်းမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနှစ်လောက်မှာပဲ အစ္စရေးစိတ်ပညာရှင် Bar – On ကလည်း သူ့ဒေါက်တာဘွဲ့ စာတမ်းမှာ EI ကို ရေးထားပါတယ်။ စာတမ်းတချို့မှာ Bar–On Model လို့ ရေးကြတာလည်း တွေ့မိပါ တယ်။

၁၉၈၇ မှာတော့ KEITH BEASLEY က MENSA မဂ္ဂဇင်းမှာ EMOTIONAL QUOTIENT–EQ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်စွမ်းဉာဏ်စကိုတိုင်းတာဖို့ အသိဉာဏ်စံညွှန်းဆိုပြီး ရေးသားခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ EI ကိုပဲ အသုံးများလာကြပါတယ်။ EI ရဲ့ မှတ်တိုင်တစ်ခုအဖြစ် စတင်ခဲ့တာကတော့ ၁၉၉၀ မှာ စိတ်ပညာရှင်ကြီး Peter Salovey နှင့် John Mayer တို့က Imagination, Cognition Perso-nality ဆိုတဲ့အမည်နဲ့ ဂျာနယ်ထဲမှာ EI စိတ်ခံစားမှု ဆိုင်ရာ ဉာဏ်စွမ်းဉာဏ်စအကြောင်း ထဲထဲဝင်ဝင် ရေးသားပုံနှိပ်ခဲ့ပါတယ်။

EI ဟာ IQ ထက် အရေးပါရသလဲ

ဒီကနေ့ခေတ်ရဲ့ EI ဖခင်ကြီး Dr.Daniel Goleman က အထက်ဖော်ပြပါ စိတ်ပညာရှင်နှစ်ဦးထံမှ EI ကို သူ့ရဲ့ သုတေသနမှာ သုံးစွဲခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပြီး ၁၉၉၅ မှာ စာအုပ်ထုတ်ခဲ့ပါတယ်။ EI ဟာ ဘာကြောင့် IQ ထက် အရေးပါရသလဲဆိုတဲ့ သူ့စာအုပ်ဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်။ ဘန်းစကားနဲ့ ပြောရရင်တော့ ပေါက်သွားတာပေါ့၊ EI ဟာ ဘာကြောင့် IQ ထက် အရေးပါရသလဲ ဆိုတဲ့ သူ့စာအုပ်ဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်၊ ပေါက်သွားတာပေါ့။

EI ဟာ ဘာကြောင့် IQ ထက် ပိုအရေးပါသလဲ ဆိုတာကတော့၊ သာဓကတွေ အများကြီးပါ။ ကိစ္စ တစ်ခုမှာတော့ IQ မြင့်တဲ့ စာမေးပွဲတိုင်း ဂုဏ်ထူးတွေနဲ့ “A” တွေချည်းရတဲ့ ကျောင်းသားတစ်ယောက် အလုပ်အင်တာဗျူးဖြေတော့ သူ့ရဲ့ Hard Skill စာမေးပွဲပေတံနဲ့ တိုင်းတာထားတဲ့ အောင်လက်မှတ်တွေက အားရစရာတွေချည်းပဲ။ Soft Skill ဆိုတဲ့ လူမှုရေးဆိုင်ရာ ဦးဆောင်နိုင်မှုစွမ်းရည် စစ်မေးတဲ့အခါမှာတော့ စာမေးပွဲအမှတ်တွေက မကယ်နိုင်တော့ပါဘူး။

အင်တာဗျူးမေးတဲ့သူက “မင်းရဲ့အားနည်းချက်ကို ပြောပြပါ။ မင်းဘဝမှာ အလွန်ခက်ခဲတဲ့ ပြဿနာ တစ်ခုကို ဘယ်လိုဖြေရှင်းခဲ့ဖူးသလဲ၊ အနာဂတ်ပြဿနာကြီးကြီးမားမားကြုံလာရင် ဘယ်လိုကိုင်တွယ်မလဲ၊ မင်းရဲ့စိတ်ခံစားမှု ဒေါသပေါက်ကွဲမှုရှိလာရင် မင်းဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ” ဆိုတဲ့ မေးခွန်းတွေကို IQ အမှတ်၊ စာမေးပွဲအောင်လက်မှတ်တွေက မကယ်နိုင်ခဲ့ပါဘူး။ သူအလုပ်မရပါဘူး။

၂၁ ရာစု အောင်မြင်မှုသော့ချက်

ဒီကနေ့အလုပ်ရှင်တွေက EI စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း ဉာဏ်ရည်ဉာဏ်သွေးတွေ Soft Skill လူမှုရေးဦးဆောင်နိုင်မှု ဉာဏ်စွမ်းမြင့်တဲ့သူကိုပဲ ဦးစားပေးရွေးချယ်ကြတာပါ။ Soft Skill မှာ မေးလေ့ရှိတာတွေက အများနဲ့တည့်အောင် ဘယ်လိုနေမလဲ၊ ရန်စတဲ့သူတွေ၊ မနာလိုသူတွေကို ခေါင်းအေးအေးနဲ့ ဘယ်လိုကိုင်တွယ်မလဲ။ အလုပ်ခွင်မှာ သူများတွေကြိုးစားအောင်၊ လေ့လာချင်အောင် ဘယ်လိုတိုက်တွန်း လှုံ့ဆော်စီမံခန့်ခွဲမလဲ ဆိုတာတွေ ပြင်ဆင်ထားဖို့လိုပါမယ်။ INTER-PERSONAL SKILL လူလူချင်းဆက်ဆံမှုကောင်းမွန်တဲ့ စွမ်းရည်၊ INTRAPERSONAL ဆိုတဲ့ မိမိကိုယ်မိမိဆန်းစစ်သုံးသပ်နိုင်စွမ်း သိမှတ်ခံစားတွေးခေါ်နိုင်စွမ်း၊ ဆိုးရွားတဲ့ဒုက္ခ၊ ကြမ်းတမ်းတဲ့အခက်အခဲတွေ ဘယ်လိုစိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကျော်လွှားမလဲ၊ ဝေဖန်တိုက်ခိုက်မှုတွေ၊ ဘေးကျပ်နံကျပ်အခြေအနေတွေကို အပြုသဘောဆောင်နဲ့ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အရည်အချင်းတွေဟာ ၂၁ ရာစု အောင်မြင် မှုသော့ချက်တွေပါ။

ဒီ Soft Skill မရှိတဲ့သူတွေ၊ ခေါင်းဆောင်တွေဟာ တခြားသူတွေ၊ ကိုယ့်လက်အောက်ငယ်သားတွေ ဘယ်လိုခံစားနေရသလဲ၊ ဘယ်တော့မှ ထည့်မစဉ်း စားဘူး၊ ဂရုမစိုက်တန်ဖိုးမထားဘူး။ အသိအမှတ်မပြုဘူး။ သူများကိစ္စ မစဉ်းစားပေးဘဲ ကိုယ့်ကိစ္စပဲ ရှေ့တန်းတင်လေ့ရှိတယ်။ လူဆိုတာ တစ်ခါတစ်ရံ မှားတတ်တာပဲလို့ နားလည်မပေးဘဲ ဒေါသတကြီး အပြစ်တင်လေ့ရှိကြတယ်။ အရေးကြီးတဲ့သတင်းအချက်အလက်တွေ တင်ပြချင်တာတောင်မှ ခေါင်းဆောင်ရဲ့ ခက်မာတောင့်တင်းမှု၊ ပျော့ပျောင်းမှုမရှိ ကွေးသာဆန့်သာ မရှိမှုတွေကြောင့် အခြေအနေမှန်ကို တင်ပြဖို့ အခွင့်အရေးမသာဘူး။ ဒါဟာ ကျဆုံးခြင်းရဲ့ အစပါ။

EI ရဲ့ ဖခင်ကြီး Dr. Daniel Goleman ကတော့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်စွမ်းဉာဏ်စကို ကဏ္ဍငါးခု ခွဲပြထားပါတယ်။

၁။ မိမိကိုယ်မိမိ သတိပြုမိခြင်း။ စိတ်ဆိုးနေလား၊ ဒေါသထွက်နေလား။ ဘက်လိုက်နေသလား။ အယုံသွင်းခံနေရသလား။ အသုံးချခံနေရသလား။ မိမိအားနည်းချက်၊ အားသာချက်ကို အမြဲသတိ နဲ့ စောင့်ကြည့်ခြင်း။

၂။ မိမိကိုယ်တိုင် ချမှတ်ထားတဲ့စည်းကမ်းထိန်းချုပ်မှုကို မိမိကိုယ်တိုင် လိုက်နာခြင်း ရှိ/မရှိ။

၃။ လက်အောက်ငယ်သားနဲ့ လုပ်ဖော်ကိုင်ဖက်များ စိတ်ဓာတ်တက်ကြွအောင်၊ ကြိုးစားချင်အောင် ဘယ်လိုလှုံ့ဆော်အားပေးမလဲ။

၄။ စာနာမှု၊ ထောက်ထားမှု၊ ကိုယ်ချင်းစာနာမှု ရှိဖို့။

၅။ လူမှုရေး၊ ဆက်ဆံရေး၊ ကျွမ်းကျင်မှု၊ ဦးဆောင်နိုင်မှုဆိုတဲ့ကဏ္ဍငါးခုဟာ လူသား ဗဟိုပြုစွမ်းရည်ရှိသော ခေါင်းဆောင်ကောင်းများရဲ့ သူအုပ်ချုပ်သောကဏ္ဍမှာ အောင်မြင်မှုသော့ချက် ဖြစ်ပါတယ်။

EI စိတ်ခံစားမှုဆိုင်ရာ ဉာဏ်စွမ်းဉာဏ်စကို ဟင်းခတ်ဆားလို့ မြင်ပါတယ်။ ဟင်းထဲမှာ ဆားမမြင်ရပေမယ့်ဆားဟာ မပါမဖြစ်လိုအပ်ပါတယ်။ EI ကို စာရွက်ခဲတံနဲ့ စစ်လို့မရ။ ဓာတ်ခွဲခန်းမှာ သက်သေပြလို့မရပေမယ့် သူဟာ မရှိမဖြစ်လိုအပ်ပါတယ်။ EI ဟာ မရှိမဖြစ် လိုအပ်တာမို့ IQ ဆိုတဲ့ ဉာဏ်ရည်ပြကိန်းကို လွှတ်ပစ်လိုက်ရတော့မှာလား မေးစရာရှိပါတယ်။ ဒီလိုလည်းမဟုတ်ပြန်ဘူး။ EI နဲ့ IQ ပေါင်းစပ်လိုက်မယ်ဆိုရင် ရသာစုံပေးတဲ့ ဟင်းအိုးကြီး ဖြစ်လာမှာပါ။ ဘယ်အလုပ်၊ ဘယ်ပတ်ဝန်းကျင်၊ ဘယ်စီမံအုပ်ချုပ်ကွပ်ကဲမှုမှာပဲဖြစ်ဖြစ်၊ လူသားဗဟိုပြုတဲ့ ဉာဏ်စွမ်းဉာဏ်စ အောင်မြင်မှုသော့က လက်ထဲအဆင်သင့် ရှိနေမှာပါ။ IQ အမှတ်နိမ့်ပြီး EI မြင့်ရုံနဲ့တင် အတိုင်းအတာတစ်ခုအထိ အောင်မြင် နိုင်ပါတယ်။

အတွေးတွေကလည်း ဟိုရောက်ဒီရောက်နဲ့၊ အတွေးအစ ပြန်ကောက်ရရင်ဖြင့်၊ လူသားဗဟိုပြု စွမ်းရည်၊ လူသားဗဟိုပြုခေါင်းဆောင်မှုပညာ၊ လူစိတ်ရှိခြင်း၊ လူပီသခြင်း၊ စာနာတတ်ခြင်း၊ အကြင်နာတရား၊ စာနာစိတ်ရှိခြင်းဆိုတာတွေဟာ လွန်ခဲ့တဲ့နှစ် ၂၆၀၀ ခန့်ကတည်းက မြတ်ဗုဒ္ဓက ဟောခဲ့ပြီးသားတွေပါ။ ဒီကနေ့ အနောက်နိုင်ငံသား တွေရေးတဲ့ စာအုပ်တွေထဲမှာ ဒီလူသားပီသတဲ့ တန်ဖိုးတွေ တွင်တွင်ကျယ်ကျယ် ထည့်ရေးနေကြတာ တွေ့လာရတော့ IQ, EQ, EI, Soft Skill တွေကို ဗုဒ္ဓက ဘယ်လိုပြောတာလဲဆိုတာ လေ့လာချင်စိတ်တွေ MOTIVATION တွေ တဖွားဖွားပေါ်လာပြီး ရင်ထဲလှုံ့ဆော်တိုက်တွန်းနေပါပြီ။

အတွေးထဲမှာ လူသားဗဟိုပြုစွမ်းရည်နဲ့ အောင်မြင်မှုသော့ချက်တွေကို ဗုဒ္ဓဟောကြားချက်နဲ့ ချိတ်ဆက်ချင်တဲ့အတွေးတွေ ပြန်ဝင်လာပြန်ပါပြီ။ စဉ်းစားရဦးတော့မှာပေါ့လေ။ ၂၁ ရာစု လူသားဗဟိုပြုစွမ်းရည်နဲ့ အောင်မြင်မှုသော့ချက် တစ်စိတ်တစ်ပိုင်းကို အကြောင်းတိုက်ဆိုင်ရင်တော့ ဆက်ရေးမိဦးမှာပါ။ ။