Skip to main content

မြန်မာသတင်းစာသက်တမ်း ၁၈၇ နှစ်ပြည့်ခရီးနှင့် ၁၀၉ နှစ်ပြည့် သမိုင်းဝင် မြန်မာ့အလင်း (အပိုင်း- ၄)

သီဟစည်သူ

(ယမန်နေ့မှအဆက်)

မြန်မာသတင်းစာများ သမိုင်းကို သုံးသပ်ခြင်း

မြန်မာသတင်းစာများ သမိုင်းကို ပြန်လှန်သုံးသပ်ကြည့်ရလျှင်မူ ခေတ်ဦး သတင်းစာများမှသည် ၁၉၂၀ ပြည့်နှစ်မှ ၁၉၂၉ ခုနှစ်အတွင်းထုတ်ခဲ့သည့် သတင်းစာများတွင် နိုင်ငံရေးလှုပ်ရှားမှုများ ပိုမိုထင်ဟပ်ခဲ့သည်။ ခေတ်ဦးသတင်းစာအများစုသည် အဖွဲ့အစည်းတစ်ခုခုကို ထောက်ခံရေးသားလေ့ရှိကြသည်။ ထိုအချိန်တွင် ကာရန်သွင်း နဘေထပ်သတင်းစာအရေးအသား လည်း အနည်းငယ်ပျောက်သလောက် ဖြစ်လာကာ သတင်းကိုထောင့်စုံအောင်ထည့်သွင်းပြီး သတင်းအနေအထား အပြင်အဆင်၊ ခေါင်းစည်းတပ်ပုံစသည်တို့ ထူးခြားတိုးတက်လာသည်။ ကာတွန်း အသုံးပြုမှုလည်း အရှိန်ရလာခဲ့ပြီး သတင်းဓာတ်ပုံများလည်း အသုံးပြုလာခဲ့သည်။

သတင်းဖန်တီးမှုအပိုင်းတွင်လည်း သတင်းထောက်ရှိသည် ဆိုရုံမျှသာဖြစ်ပြီး အပျော်တမ်း သတင်းထောက်များအဆင့်သာ ရှိနေသေးသည်။ ထိုခေတ်သတင်းစာများသည် တိုင်းပြည်ကောင်းစားရေးအတွက် များစွာအထောက်အကူဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံ ဗြိတိသျှ လက်အောက်ခံဘဝတွင် သူရိယနှင့် မြန်မာ့အလင်း သတင်းစာကြီးများတွင် ရေးသားဖော်ပြခဲ့သည့် သတင်း၊ ဆောင်းပါး၊ အတွေးအမြင်များသည် ကိုလိုနီစနစ်ထမ်းပိုးကို ပခုံးပေါ်မှ ခွာချလိုစိတ်ပြင်းပြလာပြီး တစ်တိုင်းပြည်လုံး နိုင်ငံရေး မျက်စိပွင့်ကာ နိုးနိုးကြားကြား ဖြစ်ပေါ်လာစေခဲ့သည်။

၁၉၃၀-၃၉ ခုနှစ်များအတွင်း မြန်မာ သတင်းစာများတွင် ခေါင်းကြီးပိုင်း အရေးအသား ထိမိလာပြီး ပင်တိုင် ဆောင်းပါးများလည်း အရှိန်တက်လာခဲ့သည်။ အစိုးရက အပြင်းအထန်အရေးယူနေသည့်ကြားမှပင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲများတွင် ထိထိရောက်ရောက် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းကာလများ တွင် မြန်မာ့အလင်းအပါအဝင် ထင်ရှားသော သတင်းစာကြီးများ၏ စောင်ရေသည်လည်း တစ်ဟုန်ထိုး တိုးတက်ခဲ့ပေသည်။

ထိုအချိန်က မြန်မာသတင်းစာများ၏ ဩဇာသက်ရောက်မှုနှင့်ပတ်သက်၍ စာရေးဆရာ ဗန်းမော်တင်အောင်ကဗြိတိသျှ ကိုလိုနီဝါဒသမားများ၏ ဒိုင်အာခီအုပ်ချုပ်ရေး၊ (၉၁)ဌာန အုပ်ချုပ်ရေးနှင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး စက္ကူဖြူအုပ်ချုပ်ရေးများကို မြန်မာတစ်မျိုးသားလုံးက ထကြွကန့်ကွက်ခြင်း ပြုခဲ့ကြသော နိုင်ငံရေးကာလများက မြန်မာသတင်းစာများသည် ပြည်သူ အများ၏ အကျိုးစီးပွားနှင့် ဆက်စပ်ကာ ပါဝင်ခဲ့ကြပါသည်။ ဒိုင်အာခီနိုင်ငံရေး ကာလက သူရိယ၊ မြန်မာ့အလင်း အစ ရှိသော နေ့စဉ်သတင်းစာကြီးများနှင့် ဒီးဒုတ်၊ ဗန္ဓုလအစရှိသော ဂျာနယ်ကြီး များသည် အလွန်တရာ ထင်ရှားလှသော အမျိုးသားလွတ်လပ်ရေးတိုက်ပွဲဝင် သတင်းစာကြီးများပင် ဖြစ်ပါသည်ဟု ၁၉၆၂ ခုနှစ်က ပြုလုပ်သည့် ပြည်လုံးကျွတ် သတင်းထောက်သင်တန်းတွင်မြန်မာသတင်းစာများနှင့် ၎င်းတို့၏ တာဝန်ဝတ္တရားများခေါင်းစဉ်ဖြင့် ထည့်သွင်းပို့ချခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ

မြန်မာသတင်းစာများတိုးတက်မှု အရှိန်ကောင်းလာဆဲတွင် ဒုတိယကမ္ဘာစစ်မီးတောက်လောင်လာသည်။ စစ်အတွင်းကာလတွင် သူရိယ၊ မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ တိုင်းချစ်သတင်းစာအချို့ အခက်အခဲများကြားမှပင် ဆက်လက်ထုတ်ဝေနိုင်ခဲ့သည်။ ဗမာ့ခေတ်၊ သူရိယ၊ မြန်မာ့အလင်းသတင်းစာ တို့သည် ဂျပန်ခေတ် စစ်ကြေးနန်းသတင်းများကို သတင်းစာမျက်နှာဖုံးများတွင် ဦးစားပေးဖော်ပြခဲ့ကြသည်။ ထို့ပြင် မလွတ်လပ်သည့်အကြားမှ ရသမျှအခွင့်အရေးကို လက်လွတ်မခံဘဲ အမျိုးသား လွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး တို့အတွက် ကြိုးစားပမ်းစားရေးသား ခဲ့ကြသည်။

စစ်ပြီးစ

စစ်ပြီးစ ၁၉၄၅-၁၉၄၆ ခုနှစ်များအတွင်း သတင်းစာများ အလျှိုလျှိုထပ်မံ ပေါ်ထွက်လာပြီး လွတ်လပ်ရေးအတွက် ဦးတည်ရေးသားခဲ့ကြသည်။ ဗမာ့ခေတ် သတင်းစာကစတင်၍ အဆုံးသတ် ကြိယာပစ္စည်းကြောင်းကို ဖြုတ်ကာ၏၊ သည်ဖြင့် အစားထိုးပြီး သတင်းကို ကျစ်ကျစ်လျစ်လျစ် တိုတိုတုတ်တုတ် ဖြစ်အောင် ရေးသားဖော်ပြခဲ့ကြသည်။

ဆိုရှယ်လစ်ခေတ်သတင်းစာများ

၁၉၆၂ ခုနှစ် မတ် ရက်နောက်ပိုင်း တော်လှန်ရေးကောင်စီနှင့် တော်လှန်ရေးအစိုးရဖွဲ့ပြီး နောက်ပိုင်း မြန်မာသတင်းစာလောက၏ အခန်းကဏ္ဍပြောင်းလဲလာခဲ့ သည်။ ၁၉၆၂ ခုနှစ် မတ်လတွင် ထုတ်ဝေနေသော သတင်းစာစောင်ရေ ၄၀ ရှိခဲ့ပြီး မြန်မာသတင်းစာစောင်ရေ ၂၀၊ အင်္ဂလိပ် သတင်းစာလေးစောင်၊ တရုတ်ဘာသာ သတင်းစာခြောက်စောင်နှင့် အိန္ဒိယဘာသာသတင်းစာ ကိုးစောင်၊ ချင်း ဘာသာသတင်းစာ တစ်စောင်ပါဝင်ကြောင်း သိရသည်။ ၁၉၆၃ ခုနှစ် အောက်တိုဘာ ရက်တွင် တော်လှန်ရေး ကောင်စီအစိုးရ၏ ပထမဆုံးသတင်းစာဖြစ်သည့် လုပ်သားပြည်သူ့နေ့စဉ် (မြန်မာ) သတင်းစာကို စတင်ထုတ်ဝေခဲ့သည်။ တစ်ဖန် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်)ကို ထုတ်ဝေခဲ့ပြန်သည်။ ၁၉၆၃- ၁၉၆၄ ခုနှစ်အတွင်း ပုဂ္ဂလိက ပိုင်သတင်းစာများအနက်မှ နိုင်ငံသစ် သတင်းစာ၊ ထွန်းနေ့စဉ်၊ မန်းခေတ် သတင်းစာ၊ ယုဝတီ၊ ပြည်ထောင်စုနေ့စဉ်၊ အမျိုးသားသတင်းစာ၊ မန္တလေးမြန်မာ့ လမ်းစဉ်၊ သမာဓိနှင့် နေးရှင်း (အင်္ဂလိပ်) သတင်းစာများ ရပ်ဆိုင်းသွားခဲ့သည်။

ယင်းနောက် တော်လှန်ရေးကောင်စီသည် လုပ်သားပြည်သူအတွက်သတင်းစာလွတ်လပ်ခွင့်ကို အာမခံနိုင်ရန် သတင်းစာများကို ပြည်သူပိုင် ပြုလုပ်ရမည်ဟူသည့် ခံယူချက်ဖြင့် ၁၉၆၄ ခုနှစ် စက်တင်ဘာ ရက်တွင် ကြေးမုံသတင်းစာ၊ စက်တင်ဘာ ၁၁ ရက် တွင် ဗိုလ်တထောင် သတင်းစာ၊ စက်တင်ဘာ ၁၆ ရက်တွင် ဂါဒီယန်အင်္ဂလိပ် သတင်းစာများကို ပြည်သူပိုင်ပြုလုပ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကဦးစီးကာ ဆက်လက်ထုတ်ဝေခဲ့သည်။

၁၉၆၇-၆၈ ခုနှစ်များအတွင်း လူထုသတင်းစာနှင့်မော်လမြိုင်မှ တနင်္သာရီ နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရသည်။ ယင်းအချိန်တွင် ပုဂ္ဂလိကထုတ်ဝေသည့် သတင်းစာမှာ မြန်မာ့အလင်း၊ ဟံသာဝတီနှင့် ရန်ကုန်သတင်းစာ သုံးစောင်သာ ကျန်ရှိတော့ သည်။ ယင်းနောက် ၁၉၆၉ ခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် မြန်မာ့အလင်းနှင့် ဟံသာဝတီသတင်းစာ နှစ်စောင်ကို ပြည်သူပိုင်ပြုလုပ်ပြီး ဆက်လက်ထုတ် ဝေခဲ့သည်။ မြန်မာ့အလင်းသတင်းစာကို ယနေ့အချိန်အထိ ဆက်လက်ထုတ်ဝေဆဲ ဖြစ်သော်လည်း ဟံသာဝတီသတင်းစာ မှာ ၁၉၇၈ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် သတင်းစာထုတ်ဝေမှုကို ရပ်ဆိုင်း ခဲသည်။

ဒီမိုကရေစီခေတ် သတင်းစာများ

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီး သုံးနှစ်အကြာ ၂၀၁၃ ခုနှစ်တွင် အစိုးရက ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့သည်။ ထိုစဉ်က The Voice Daily ရွှေနိုင်ငံသစ်၊ ဒီမိုကရေစီတူဒေး၊ စံတော်ချိန်၊ ပြည်ထောင်စုနေ့စဉ်၊ The Daily Eleven အစရှိသည့် နေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာ ၃၆ စောင်ခန့်ထုတ်ဝေခွင့်ပြုခဲ့ပြီး အချို့ပုဂ္ဂလိကသတင်းစာများမှာ နှစ်အနည်းငယ်အကြာတွင် စီးပွားရေးအရ တွက်ခြေမကိုက်မှု၊ ဈေးကွက်အရ နိုင်ငံပိုင်သတင်းစာများအား မယှဉ်ပြိုင်နိုင်မှု စသော အခြေအနေများကြောင့် တစ်စောင်ပြီး တစ်စောင်ဆိုသကဲ့သို့ ပြိုလဲကာ ထုတ်ဝေမှုများ ရပ်ဆိုင်းသွားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ကုန်ခန့်အထိ ပုဂ္ဂလိကသတင်းစာအဖြစ်ကျန်ရှိသည့် နေ့စဉ်ထုတ် မြန်မာဘာသာနှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် ထုတ်ဝေသည့် သတင်းစာ ခုနစ်စောင်ခန့် ရှိနေသေးသည်။

ယနေ့မျက်မှောက်ကာလ

ခေတ်သစ်သတင်းစာလောကတွင် အွန်လိုင်းသတင်းမီဒီယာစနစ် ပိုမိုဖွံ့ဖြိုးလာခဲ့ပြီး အွန်လိုင်းလူထုဆက်သွယ်ရေး ယန္တရားအဖြစ်ရပ်တည်လာသည့် သတင်းဌာနများစွာ ပေါ်ထွက်လာခဲ့ပြီဖြစ် သည်။ ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်စွဲဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ ထုတ်ပြန်ချက်အရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ၁၀--၂၀၂၃ ရက်နေ့အထိ ပုံနှိပ်ခြင်း လုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၃၀၀ နှင့် သတင်းအေဂျင်စီ လုပ်ငန်း ၄၀၃ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေ ခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၄၀၁ ဦးအား အသိအမှတ်ပြု လက်မှတ် များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ အချိန်တွင် သတင်းစာ၊ ဂျာ နယ်၊ မဂ္ဂဇင်းကဲ့သို့သောပုံနှိပ် မီဒီယာများ၊ ရုပ်သံမီဒီယာအပြင် သတင်း အချက်အလက် နည်းပညာ ခေတ်နှင့်အညီ တိုးတက်ပေါ်ပေါက်လာသည့် မီဒီယာ ပလက်ဖောင်းများစွာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်နှင့်အညီ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေး၊ နည်းပညာ အစရှိသည့် ဘက်ပေါင်းစုံ သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ လွယ်ကူစွာ သိရှိနိုင်ကြပြီဖြစ်သည်။

ဤသို့လျှင် မြန်မာနိုင်ငံ သတင်းစာသမိုင်းတစ်လျှောက်တွင် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်း မြန်မာ့ သတင်းစာပညာသည်ရာစုနှစ် နှစ်ခုစာနီးပါး ခရီးနှင်လာခဲ့ကြပေသည်။ သတင်း စာများ၏ တာဝန်နှင့် ဆောင်ရွက်ချက်များသည် သေးငယ်လှသည် မဟုတ်ပေ။ သတင်းစာများသည် တိုင်းပြည်နှင့်လူမျိုးနှင့်ချီ၍ ကြီးလေးသော တာဝန်များကို ထမ်းဆောင်ခဲ့ကြသည်။ ဆက်လက်၍လည်း ထမ်းဆောင်နေကြဆဲပင်။ သတင်းစာများသည် တိုင်းပြည်နှင့်လူမျိုးအတွက် ရှေ့ဆောင် လမ်းပြလည်း ဖြစ် ခဲ့ပေသည်။  

သတင်းစာများသည် သမိုင်းကိုပြောနေ ကြသည်သာမက ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားခဲ့ကြသည်။ မြန်မာသတင်းစာများသည် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလတစ်လျှောက် တိုင်းပြည်လွတ်လပ်ရေးအတွက် ပြည်သူကို ရှေ့ဆောင်လမ်းညွှန်မှုပေးခဲ့ကြသည် သာမက ပြည်သူနှင့်အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြပေသည်။

(ယခုဆောင်းပါးသည် သမိုင်းမှတ်တမ်းများထဲမှ သတင်းစာအချို့၏ မှတ်မှတ်ထင်ထင် အဖြစ်အပျက်ကလေး များကိုသာ ဖော်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။ မြန်မာသတင်းစာ သမိုင်းတစ်လျှောက်၌ တိုင်းပြည်အကျိုးပြု သတင်းစာများစွာ ပေါ်ထွက်ခဲ့ပါသည်။ သို့သော်လည်း ထိုသတင်းစာကြီးများ၏ ဂုဏ်ထူးများမှာကား သတင်းစာအသက် တစ်မနက်ဆိုသကဲ့သို့ မှတ်တမ်းဖိုင်တွဲများအဖြစ် သာ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ် သွားခဲ့ကြသည်။ ယင်းတို့အနက်မှ မြန်မာ့အလင်း သတင်းစာကြီး အကြောင်း အထူးတလည်ဖော်ပြခဲ့ခြင်းမှာ ဤသတင်းစာကြီးမှ သက်တမ်းနှစ် ပေါင်း ၁၀၉ နှစ်တိုင် သမိုင်းတစ်လျှောက် တိုင်းပြည်နှင့် လူမျိုးအကျိုးကို တစ်ဖက် တစ်လမ်းမှ မည်သို့ထမ်းရွက်ခဲ့သည်ကို အထိုက်အလျောက် သိရှိနားလည် သဘောပေါက်နိုင်ကြစေရန်သာ ရည်ရွယ် ရင်းဖြစ်ပါသည်။)

(မြန်မာ့အလင်း)