Skip to main content

မိသားစုဘဝ ပိုမိုလှပဖို့ လမ်းလျှောက်ကြပါစို့

ထက်ဝေအောင်(စစ်ကိုင်း)

နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးရေးပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် လွန်စွာအရေးပါသည်။ ကျန်းမာမှ ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ များစွာရှိပါသည်။  ကျန်းမာမှ ပညာသင်ကြားခွင့်၊  မိမိအနာဂတ်ကို ကိုယ်တိုင်ဖန်တီးခွင့်ရရှိမည်ဖြစ်သည်။ ကျန်းမာရေးသည် လူတိုင်း  အလေးထား လိုက်နာစောင့်ရှောက်သင့်သည်။ အသိနောက်မကျသင့်သည့်  အရေးကိစ္စများတွင် ကျန်းမာရေးလည်းပါဝင်သည်။ အသိနောက်မကျအောင် သတိပြုဆောင်ထားရမည်က  လူတိုင်းချင့်တွေး ကျန်းမာရေးပင် ဖြစ်သည်။

လှုပ်ရှားမှုနည်းလွန်းသော လူမှုဘဝတွင် နေသားကျနေကြပြီဖြစ်သည်။ အဆိုပါဘဝများမှ  ရုန်းထကြရမည်။  ကျန်းမာခြင်းအစ အားကစားလုပ်ကြရမည်။ သက်သောင့်သက်သာနေလိုသော စိတ်ကို စွန့်လွှတ်ရမည်။ ကျန်းမာရေးအညွှန်းကိန်းတစ်ခု မြင့်တက်ဖို့ မိမိတွင် တာဝန်ရှိပေသည်။သန်စွမ်းကျန်းမာ ပြည်သာယာဆိုစကားနှင့်အညီ  ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံအတွက်  မျိုးဆက်သစ်လူငယ် လူရွယ်အားလုံး သန်စွမ်းကျန်းမာနေရမည်ဖြစ်သည်။ နည်းပညာခေတ် တစ်လိုင်းအောက် ကိုယ်ကိုင်း၊ ခါးမမတ်နိုင်အောင် ရောက်ရှိနေကြသည့် လူငယ်များ၏ ကျန်းမာရေးလာဘ် ဆုံးရှုံးမှုကို အချိန်မီသတိပြုဆင်ခြင် ကြရမည်ဖြစ်သည်။

အလေ့အကျင့်ကောင်းသည် လုံလောက်သော သက်လုံကို ရရှိစေသည်။ ငြိမ်သက်နေသူတစ်ယောက်နှင့် လှုပ်ရှားနေသူတစ်ယောက်၏  ကျန်းမာရေးပုံစံက မတူညီနိုင်ပေ။  တိုတောင်းသော အချိန်ကာလ တစ်ခုအတွင်း မသိသာသော်လည်း ရေရှည်နေထိုင်မှုပုံစံ မှားယွင်းခြင်း ကြောင့် ပြသမည့် ကျန်းမာရေးလက္ခဏာများ၊ ရောဂါဝေဒနာများမှာ  တစ်ခုထက် ပိုလာနိုင်သည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို ကောင်းစွာ တည်ဆောက်နိုင်သည်။

လူတစ်ဦးချင်းစီ၏ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးမှာလွန်စွာအရေးကြီးလှသည်။ မိသားစုတစ်စုတွင် မကျန်းမာသူတစ်ဦးကြောင့် အချိန်နှင့်ငွေ ဆုံးရှုံးရသည်။ အသက်ကြီးရင့် လာသည့်နောက်ပိုင်း ကိုယ်လက်လှုပ်ရှား ပိုလုပ်သင့်ကြောင်း သိသာလာသည်။ နေ့စဉ်နှင့်အမျှ  စားဝတ်နေရေး  ရုန်းကန်နေကြသဖြင့် ကိုယ်လက်လှုပ်ရှား အားကစားတစ်ရပ်ရပ်ပြုလုပ်ရန် အချိန်မပေးနိုင်ကြပေ။ ကျေးလက်ဒေသထက် မြို့ပြလူနေထိုင်မှုပုံစံက လှုပ်ရှားမှုပိုနည်းသည်ကို တွေ့ရသည်။ ဉာဏလုပ်သား ကုလားထိုင်တွင် အထိုင်များသူများသည် လှုပ်ရှားမှု အလွန်နည်း ကြသည်။ သွားလာလှုပ်ရှားမှုပြုလုပ်ရာတွင်လည်း ဆိုင်ကယ်၊ ကားစက်တပ်ယာဉ်များနှင့်သာ သွားလာကြသည်။ နှစ်သက်သည့် အစားအစာမှာ ရောဂါကြိုက်သည့် အချိုနှင့် အဆီအဆိမ့် အရသာကိုသာ မှီဝဲသုံးဆောင်ကြသည်။

ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး

မလှုပ်မရှားနေထိုင်ခြင်းကြောင့် ဗိုက်တွင်အဆီစုလာသည်။ အဆီတိုး၍ ဝဖြိုးလာသည်။ ဝမှလှသည်ဟု အထင်မရှိစေချင်ပေ။ ငြိမ်သက်နေသည့် ရောဂါလက္ခဏာတစ်ရပ်အဖြစ် ရှုမြင်လျက် အဝလွန် ရောဂါဝင်မလာမီ ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။  ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါးဟူ၍ အဆိုရှိသည်။ နေ့စဉ်ဘဝ ရောဂါဘယကင်းဝေးအောင်  ကိုယ်လက်လှုပ်ရှား အားကစား တစ်ရပ်ရပ်ကို ဆေးပမာ ဆောင်ထားရမည်ဖြစ်သည်။ မပျင်းနှင့်။ ပုံမှန်ပြုလုပ်ပေးနိုင်သည့် အားကစားနည်းများစွာရှိသည်။

လူတိုင်းအတွက် အားကစားနည်းများစွာရှိသည့်အနက် နေရာတိုင်းတွင် လွယ်လင့်တကူ ပြုလုပ်နိုင်သည့် ကိုယ်လက်လှုပ်ရှားအားကစား နည်းများမှာ  လမ်းလျှောက်ခြင်းနှင့်   ပြေးခြင်” ပင် ဖြစ်ပါသည်။ အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစားနည်းများသည် ကျန်းမာရေး  လာဘ်ကြီးတစ်ပါး ပိုင်ဆိုင်ရရှိရန် အထောက်အကူပြုသည်။ လူငယ်များအတွက် ပြေးခြင်းသည် သင့်လျော်သည်။ သက်လုံတည်ဆောက်ရာတွင် ပုံမှန်ပြေးခြင်းကို ရွေးချယ်ရမည်ဖြစ်သည်။ လူလတ်ပိုင်းအရွယ်နှင့် လူကြီးများအတွက် လမ်းလျှောက်ခြင်းက  အကောင်းဆုံးဖြစ်ပါသည်။ လမ်းလျှောက်ခြင်းသည် ကိုယ်အလေးချိန် ထိန်းသိမ်းနည်း၏ လျှို့ဝှက်ချက်ဖြစ်သည်။  စိတ်ချမ်း သာမှုဖြစ်စေသည့်   ကုထုံးတစ်မျိုး လည်းဖြစ်ပါသည်။

နေ့စဉ်ခြေလှမ်း ၁၀၀၀၀ လမ်းလျှောက်ဖြစ်အောင် လေ့ကျင့်သင့်

လမ်းလျှောက်ခြင်းသည် အပိုအလုပ်မဟုတ်ဘဲ  လိုအပ်သော အလုပ်ဖြစ်သည်။   ကျန်းမာရေးအတွက်  အကျိုးအာနိသင်ရှိသော လေ့ကျင့်ခန်းသာဖြစ်သည်။အစွမ်းသိဖို့ လမ်းလျှောက်စို့ဆိုသည့် စကားနှင့်အညီ နံနက်စောစောလမ်းလျှောက်ကြည့်ပါရန်  တိုက်တွန်းလိုပေသည်။ နေ့စဉ်ခြေလှမ်း  ၁၀၀၀၀ လမ်းလျှောက်ဖြစ်အောင် လေ့ကျင့်သင့်ပေသည်။ ချွေးပုပ်မှန်သမျှ စွန့်ထုတ် ပစ်ရမည်။ဖြည်းဖြည်းလျှောက်လှမ်းခြင်းထက်   ခပ်သွက်သွက်လမ်းလျှောက်ကြရမည် ဖြစ်သည်။ ရုံးဝန်ထမ်းများအဖို့ ညနေအေးအေးလမ်းလျှောက်ပေးရန် လိုအပ်သည်။ ကိုယ်လက်ညောင်းညာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများကို ပြေပျောက်စေသည်။  အဆုတ်တွင်း လေသန့်စင်စေသော လုပ်ငန်းဖြစ် သဖြင့် ပုံမှန်လမ်းလျှောက်ခြင်းက သွေးတိုး၊ လေဖြတ်ခြင်းကို တားဆီးနိုင်သည်။ အရိုးပွခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာစေသည်။ သွေးတွင်းရှိ ကယ်လိုရီ၊ ကိုလက်စထရောများ လောင်ကျွမ်းခြင်းကို အားပေးပြီး ကိုယ်ခန္ဓာကြွက်သားများကို အကောင်းဆုံးလေ့ကျင့်ပေးသော ကိုယ်လက်လှုပ်ရှား အားကစားနည်းတစ်ခုဖြစ်သည်။ နှလုံးကို အားကောင်းစေပြီး ပန်းနာရင်ကျပ် သမားများအတွက် အထူးသင့်လျော်သည်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေပြီး စိတ်ကြည် လန်းဆန်းမှုကို ပေးစွမ်းနိုင်သည်။

လူ့ဘဝသက်တမ်းပြည့်မီစွာ နေထိုင်နိုင်ရေး အစားအစာပုံမှန်စားခြင်း၊ ရေလုံလောက်စွာ သောက်ခြင်းနှင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းများ ရှိရပေသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ရေး ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို  မွေးမြူရမည်ဖြစ်သည်။အစားအစာ စားသုံးရာတွင် အဆီ၊ အဆိမ့်၊ အချို၊ အငန်တို့ကို လွန်ကဲစွာစားသုံးခြင်း၊ အထိုင်များ လှုပ်ရှားမှု နည်းပါးခြင်းကြောင့် ရောဂါများ စုပြုံရောက်ရှိ လာနိုင်သည်။ သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါများ ဝင်လာလျှင် ငွေကုန်၊  လူပန်းစိတ်ဆင်းရဲကြရမည်သာဖြစ်သည်။    လမ်းလျှောက်ခြင်းဖြင့် အဆုတ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်။ သွေးလှည့်ပတ်မှု  ကောင်းမွန်စေသဖြင့် လေဖြတ်၊ လေငန်းဖြစ်ခြင်းမှ ကင်းဝေးစေသည်။ အရိုး၊ အကြောများ၏ ကွေးခြင်း၊ ဆန့်ခြင်းဆိုင်ရာ လှုပ်ရှားမှုများကို   ပိုမိုအားကောင်းစေသည်။  ခြေထောက်နှင့် မျက်စိ၊ ထိပ်ဆုံးနှင့် အောက်ဆုံး ဖြစ်သော်လည်း ခြေထောက်ဖြင့် လမ်းလျှောက်ပေးလျှင် မျက်စိအမြင်အာရုံ အားကောင်း နိုင်ပေသည်။   အခြားသော အာရုံခံစားနိုင်သည့်  အစိတ်အပိုင်းများကိုပါ နိုးကြားစေသည့် ခြေကျင် လမ်းလျှောက်ခြင်းကို ပုံမှန်လုပ်ဆောင်ကြပါလျှင်ဆရာဝန်၊ ဆေးဝါးဝေးလို့သွား လမ်းလျှောက် ခြင်းကို တို့အားထားဟု ဆိုရမည့်ကိန်းပင်။

လမ်းလျှောက်ခြင်းသည် ဓာတ်ကြီးလေးပါးညီညွတ်မျှတစေ

ချွေးထွက်မှန်ရမည်။ သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်ရမည်။ ကိုယ်တွင်းအညစ်အကြေး ပုံမှန်စွန့် ထုတ်မှုရှိရမည်။ မြန်မာ့ဆေးကျမ်းများ အလိုအရ ပထဝီ၊  တေဇော၊  အာပေါ၊  ဝါယော   ဓာတ်ကြီး လေးပါး ညီညွတ်မျှတအောင်နေထိုင်ရမည်ဟု ဆိုထားသည်။ စွန့်ထုတ်သင့်သည့်  အညစ်အကြေး များကို ကိုယ်ခန္ဓာပြင်ပသို့ မစွန့်ထုတ်နိုင်လျှင်မကောင်းပေ။ ခန္ဓာဗေဒဖြစ်စဉ်များ မတည်မငြိမ် ဖြစ်ခြင်းကြောင့် ရောဂါမျိုးစုံ ဝင်ရောက်လာနိုင်သည်။ အနေသာလျှင် အသေနာမည်ဖြစ်သည်။  တိတ်တဆိတ်လူသတ်သမားဟု တင်စားခေါ်ဝေါ်သော သွေးတိုးရောဂါ ဝေဒနာဆိုးမှ  လွန်မြောက် ရေး လမ်းလျှောက်ပေးဖို့ လိုပါသည်။ လမ်းလျှောက်ခြင်းသည် ဓာတ်ကြီးလေးပါး    ညီညွတ်မျှတ စေပြီး သွေးအား၊ လေအားကို အထူးကောင်းမွန်စေသည်။

မိသားစုကိုချစ်သူတိုင်း ကျန်းမာရေးကို ဂရုစိုက်စေချင်ပါသည်။ ကျန်းမာမှသာ ပျော်ရွှင်စရာ မိသားစုကမ္ဘာကို တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ အအိပ်၊ အစား သတိထားရမည်ဖြစ်သည်။ ဇိမ်ခံခြင်းအစား ကိုယ်လက်လှုပ်ရှားအားကစား လုပ်သွားဖို့လိုပေသည်။ မူးယစ်စေသည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာမှီဝဲခြင်းကို  လျှော့ချသင့်သည်။ ရှူနာရှိုက်ကုန်းမဖြစ်ဖို့ ဂိမ်းမဆော့ ဖို့လိုပါသည်။    အထိုင်မများ လှုပ်ရှားသွားလာနေရမည်။ ဟိုနားဒီနား လမ်းလျှောက်သွားစေချင်သည်။ စိတ်ပျို၊ ကိုယ်နု ကျန်းမာခြင်းသုခ ပေးစွမ်းနိုင်သည့် အလေ့အကျင့်ဟူသမျှ မိမိဘဝအတွင်း ဆွဲခေါ်နိုင်ရ ပေမည်။ စိတ်ခံစားချက်ကောင်းမွန်မှုနှင့် ကိုယ်ကျန်းမာလန်းဆန်းမှုသည် ဆက်သွယ်ပေါင်း စပ်နေသဖြင့်  ပြင်နိုင်မှ ယှဉ်နိုင်မည်ဖြစ်သည်။ အစားအသောက်ပုံစံ၊ နေထိုင်မှုပုံစံ မှားယွင်းသည့်   အခြေအနေများကို စနစ်တကျပြုပြင်ယူနိုင်သဖြင့် ယနေ့မှစလျှင် အကောင်းဆုံးဖြစ်ပါကြောင်း   ဆန္ဒမွန်ဖြင့်  ရေးသားတင်ပြလိုက်ရပါသည်။