လူကုန်ကူးမှု သတိပြုပါ
မျိုးမြတ်မိုး (MANA)
မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းသွားလာမှု ပိုမိုတိုးပွားလျက်ရှိရာ စစ်တမ်းများအရ လက်ရှိနေထိုင်သူများ၏ ၄၂ ရာခိုင်နှုန်းကျော်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြောင်းရွှေ့လာသူများဖြစ်ပြီး ၂၅ ရာခိုင်နှုန်းမှာ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် အဓိကရည်ရွယ်သည်။ ရွှေ့ပြောင်းသွားလာသူများအတွက် ကြီးမားသည့်စိန်ခေါ်မှုမှာ လူကုန်ကူးခံရမှု၊ လုပ်အားခေါင်းပုံဖြတ်ခံရမှုနှင့် နိုင်ငံသား အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုများဖြစ်သည်။
ပြည်တွင်းရှိ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများသည် မိမိတို့အစုအဖွဲ့အလိုက် အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်အခွင့်အရေးများကို ရရှိလေ့ရှိသော်လည်း ပုဂ္ဂလိကကဏ္ဍရှိ ဆိုင်များ၊ အိမ်တွင်းလုပ်ငန်းများရှိ အလုပ်သမားများနှင့် အိမ်အကူများမှာ သတ်မှတ်အလုပ်ချိန်ထက် ပိုမိုလုပ်ကိုင်နေရခြင်း၊ လုပ်ခလစာနည်းပါးခြင်း နားရက်မရခြင်း စသည့် အခွင့်အရေးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရလေ့ရှိသည်။
တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၃၀ ကျော် ကလေးဘဝက ပြန်ပေးဆွဲခံခဲ့ရသည့် အမျိုးသား တစ်ဦးသည် ဆိုရှယ်မီဒီယာသို့ ၎င်းတင်ခဲ့သော မြေပုံကြမ်းကြောင့် မိသားစုနှင့် ပြန်လည်ပေါင်းစည်းခဲ့ရသည့် သတင်းသည် လွန်ခဲ့သော ရက်ပိုင်းအတွင်း လူသန်းပေါင်းများစွာ၏ စိတ်နှလုံးကို စွဲငြိစေခဲ့သည်။ ကလေးပြန်ပေးဆွဲမှုသည် တရုတ်နိုင်ငံတွင် ကာလရှည်ကြာ ပြဿနာတစ်ရပ်ဖြစ်သည်။ တရားမဝင်မွေးစားခြင်း၊ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်း သို့မဟုတ် လိင်ကုန်ကူးခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသော ဖြစ်စဉ်များသည် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကြောင့် ဖြစ်ကြောင်း ဝေဖန်မှုအများအပြားရှိခဲ့ပြီးဖြစ်သည်။ ယင်းမူဝါဒ၏ ရိုက်ခတ်မှုသည် ၎င်း၏ ပြည်တွင်း၌ သာမက အိမ်နီးချင်းနိုင်ငံများကိုပါ သက်ရောက်ခဲ့သည်။ ကျေးလက်ဒေသများရှိ တရုတ်မိသားစု အများအပြားသည် ယောက်ျားလေးများသည် မိသားစုကို ပံ့ပိုးပေးနိုင်သည်ဟု အစဉ်အလာတစ်ရပ်အဖြစ် ရှုမြင်နေမှုကလည်း မိန်းကလေးမွေးဖွားမှုကို နည်းပါးစေခဲ့သည်။ ကျား၊ မ အချိုးအစားကွာဟမှု ကြီးကြီးမားမားရှိလာကာ မွေးကင်းစ ယောက်ျားလေးများကို ပြန်ပေးဆွဲခြင်း၊ လူကုန်ကူးခြင်းတို့ကြောင့် မှောင်ခိုဈေးကွက် ပေါ်ပေါက်လာခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆင်းရဲနွမ်းပါးသော အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်အမျိုးသားများနှင့် လက်ထပ်စေသည့်ကိစ္စမှာ စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်လာသည်။ တရုတ်အမျိုးသားများအတွက် သတို့သမီးလိုအပ်ချက်နှင့် ကျေးလက်ရှိ လူပျိုကြီးများနှင့် ကိုယ်အင်္ဂါဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်စေ ချို့ယွင်းချက်တစ်ခုခုရှိနေသူများအတွက် အိမ်ထောင်ဖက်လိုအပ်ချက်တို့ကြောင့် အိမ်နီးချင်းနိုင်ငံများတွင် စည်းရုံးလက်ထပ်မှုများ ဖြစ်ပေါ်လာသည်။
တစ်နှစ်ထက်တစ်နှစ်ပိုများလာ
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ ဆင်းရဲနွမ်းပါးမှု၊ ပြည်တွင်းမတည်ငြိမ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများဆီသို့ တရားမဝင် သွားရောက်အလုပ်လုပ်ရာမှ မြန်မာအမျိုးသမီးအချို့ လူကုန်ကူးခံရမှုများ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်။ အထူးသဖြင့် ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများအနက် တရုတ်နိုင်ငံသို့ ဦးတည်ဖြစ်ပွားသည့် အမှုအခင်းများက ပိုများလာသည်။ လူကုန်ကူးမှု ကျူးလွန်သူများကို သက်ဆိုင်ရာက ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်လျက်ရှိသော်လည်း အဆိုပါဖြစ်စဉ်များမှာ ယခုအချိန်ထိ လျော့နည်းသွားခြင်း မရှိသေးပေ။
လူကုန်ကူးမှုဖြစ်စဉ်များသည် အဓိကအားဖြင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မထိမ်းမြားလက်ထပ်စေခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းဟူသည့် ပုံစံများဖြင့် ဖြစ်ပွားလေ့ရှိသည်။ ကမ္ဘာတစ်ဝန်း လူကုန်ကူးမှု မြင့်တက်လာသည်နှင့်အမျှ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု မှုခင်းများသည် ၇၉ ရာခိုင်နှုန်းအထိ ရှိနေပြီး အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုသည် ၁၈ ရာခိုင်နှုန်းရှိနေသည်။ ၇၀ ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။
လူဦးရေ သန်း ၁၂၀ ခန့် လူကုန်ကူးခံနေရ
Human Rights First အဖွဲ့၏ လေ့လာဆန်းစစ်ချက်များအရ နှစ်စဉ် လူဦးရေ သန်း ၁၂၀ ခန့် လူကုန်ကူးခံနေရပြီး အကျိုးအမြတ်အဖြစ် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံခန့်ရှိနေသည်။ အာရှတိုက်တစ်ခုတည်းမှာပင် လူဦးရေ ၂၅ သန်းကျော် လူကုန်ကူးခံရသည့်ဘဝသို့ ရောက်ရှိသည်။ ယနေ့ကာလတွင် နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုများ မြင့်တက်လာခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းသော လူအုပ်စုများအကြား ပိုမိုအန္တရာယ်ကြီးများလာသည်။ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံများ၏ စီးပွားရေးကျဆင်းလာပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာခြင်း၊ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ဆွဲဆောင်စည်းရုံးနိုင်မှုရှိနေခြင်းတို့က လူကုန်ကူးမှုကို ပိုမိုကြီးထွားလာစေသည်။
လူကုန်ကူးမှုသည် ခေတ်သစ်ကျေးကျွန်ပြုခြင်းပင်ဖြစ်ရာ ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအားလုံးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းအလို့ငှာ လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ သို့မဟုတ် လက်ခံခြင်းကိုဆိုလိုကြောင်း အဓိပ္ပာယ် ဖွင့်ဆိုကြသည်။
လူကုန်ကူးမှုကို ကျူးလွန်ရာ၌ အဓမ္မလက်ထပ် စေခိုင်းခြင်း၊ လုပ်အားခခေါင်းပုံဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မတောင်းရမ်းခိုင်းခြင်းနှင့် အဓမ္မမွေးစားခြင်းများ အားလုံးပါဝင်သည်။ မှတ်တမ်းများအရ ၂၀၁၈ ခုနှစ်တွင် နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှ လူကုန်ကူးခံရသူ ၅ဝဝဝဝ ခန့်ကို တာဝန်ရှိသူများက ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့၏ ၅ဝ ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းအတွက် လူကုန်ကူးခံရပြီး ၃၈ ရာခိုင်နှုန်းမှာ အဓမ္မလုပ်အားပေးခိုင်းစေခြင်းအတွက် အမြတ်ထုတ်ခြင်းခံခဲ့ရသည်။
လူကုန်ကူးသူတို့၏ အဓိကပစ်မှတ်
အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးသူတို့၏ အဓိကပစ်မှတ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ၄၆ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး လူကုန်ကူးခံရသူ အားလုံး၏ ၁၉ ရာခိုင်နှုန်းမှာ မိန်းကလေးများဖြစ်သည်။ တွေ့ရှိ ရသည့် လူကုန်ကူးခံရသူ သုံးဦးလျှင် တစ်ဦးမှာ ကလေးဖြစ်သည်။ လူကုန်ကူးခံရသူ ယောက်ျားလေးများ၏ အချိုးမှာ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ငါးဆတိုးလာခဲ့ကြောင်း သိရသည်။
လူကုန်ကူးခြင်းသည် အကျိုးအမြတ်များသော လုပ်ငန်းဖြစ်၍ ဖွံ့ဖြိုးမှုနောက်ကျသည့် နေရာဒေသများမှ လူအများ ပိုမိုဖွံ့ဖြိုးတိုးတက်သော နေရာဒေသများသို့ ရွှေ့ပြောင်းသွားလာ၍ အလုပ်အကိုင် ရှာဖွေကြရာမှ လူကုန်ကူးသူများ၏ သားကောင်များ အဖြစ်သို့ ရောက်ရှိသွားကြခြင်းဖြစ်သည်။ လူကုန်ကူး မှုအများစုကို အုပ်စုအသေးစားများဖြင့် ဖွဲ့စည်းထားသော ကွန်ရက်များဖြင့် လုပ်ဆောင်လေ့ရှိပြီး အုပ်စုတစ်ခုစီသည် လူစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည်ဖြင့် ကဏ္ဍတစ်ခုစီတွင် အထူးပြု လုပ်ဆောင်ကာ အကျိုးအမြတ်များကို ခွဲဝေရယူ ကြသည်။
ရွှေ့ပြောင်းနေထိုင်ကြခြင်း အကြောင်းရင်း
ရွှေ့ပြောင်းနေထိုင်ခြင်းဆိုသည်မှာ လူသားများအနေဖြင့် ၎င်းတို့၏ မူလနေရာမှ နေရာသစ်တစ်ခုခုသို့ ရည်ရွယ်ချက်တစ်ခုခုဖြင့် ယာယီသို့မဟုတ် အမြဲတမ်း နေထိုင်ရွှေ့ပြောင်းမှုဖြစ်သည်။ ရွှေ့ပြောင်းခြင်းနှင့်ပတ်သက်၍ လူမှုရေးပထဝီပညာရှင်များက နိုင်ငံအတွင်းရွှေ့ပြောင်းခြင်း (Internal migration) နှင့် မိမိနိုင်ငံကို စွန့်ခွာ၍ ပြည်ပနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခြင်း (External migration) ဟူ၍ နှစ်မျိုး ခွဲခြားသည်။ ရွှေ့ပြောင်းနေထိုင်ကြခြင်း၏ အခြေခံအကြောင်းရင်းမှာ မိမိတို့ဇာတိတွင် ကျရောက်နေသော အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲနွမ်းပါးမှု အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များနှင့် ပဋိပက္ခများ၏ တွန်းအားကြောင့်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ပြောင်းရွှေ့မည့်ဒေသ၌ မိမိတို့၏ ဇာတိမြေထက် လူမှုရေး၊ စီးပွားရေးအခြေအနေများ ပိုမိုကောင်းမွန်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းပေါများကာ လုပ်ခလစာ ပိုမိုကောင်းမွန်ခြင်းဟူသော ဆွဲအားတို့ကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုတွင် အများစုမှာ ထိုင်းနိုင်ငံသို့ဖြစ်ပြီး ပြည်ပသွားရောက်သူများ၏ ၇၀ ရာခိုင်နှုန်းအထိ ရှိသည်။ မလေးရှားနိုင်ငံ၌ ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး ကျန်ရှိသည့်ဦးရေမှာ စင်ကာပူနိုင်ငံသို့ ရွှေ့ပြောင်းသွားရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိသူများသည်လည်း ပြည်တွင်း၌ ရေကြည်ရာမြက်နုရာသို့ ရွှေ့ပြောင်းသွားလာ နေကြသည်ကို အားလုံးက တွေ့မြင်နေကြရသည်။ စစ်တမ်းများအရ မြန်မာနိုင်ငံ၏ ပြည်တွင်းရွှေ့ပြောင်းသွားလာမှုတွင် ပြည်နယ်အကြား ရွှေ့ပြောင်းသွားလာမှု နည်းပါးပြီး မြို့ကြီးများသို့ ရွှေ့ပြောင်းသွားလာမှုက ပိုမိုများပြားလျက်ရှိသည်။
ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ခြင်းနှင့် တိုးတက်အောင် လုပ်ဆောင်ခြင်းတို့ကို အကောင်အထည်ဖော် လျက်ရှိသော်လည်း ရွှေ့ပြောင်းသွားလာ နေထိုင်သူအများစုမှာ လုံခြုံစိတ်ချရသည့် အနေအထားတစ်ရပ်ရပ်အောက်တွင် ရှိမနေသေးပေ။ ဥပဒေပါ ပြဋ္ဌာန်းချက်များကို မလိုက်နာသည့် အလုပ်ရှင်ကို အလုပ်သမားက တိုင်ကြားနိုင်သော်လည်း အလုပ်သမားများအနေဖြင့် မိမိတို့၏ အလုပ်ခွင်တည်မြဲမှု ထိခိုက်မည်ကို စိုးရိမ်မှုကြောင့် တိုင်တန်းမှုမပြုလိုကြပေ။ ဥပဒေအကာအကွယ် ကင်းမဲ့နေသည့် ပုဂ္ဂလိကကဏ္ဍရှိဆိုင်များ၊ အိမ်တွင်းလုပ်ငန်းများရှိ အလုပ်သမားများနှင့် အိမ်အကူများ၏ အရေးကိုလည်း အလေးဂရုပြုသင့်ပြီဖြစ်သည်။
ကိုဗစ်-၁၉ အလွန် လူကုန်ကူးမှုများ
ကိုဗစ်ကပ်ရောဂါကြောင့် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ရောဂါထိန်းချုပ်ခြင်းဆိုင်ရာ ကန့်သတ်ချက်များရှိနေသဖြင့် လူကုန်ကူးမှုတုံ့ဆိုင်းခဲ့သည်။ သို့သော် ကိုဗစ်ကပ်ရောဂါကာလ ကြာမြင့်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ဘဝရပ်တည်ရန် ခက်ခဲမှု၊ အသွားအလာကန့်သတ်မှုများ ပြန်လည်ဖြေလျှော့မှုတို့ကြောင့် ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်မှုများမှတစ်ဆင့် လူကုန်ကူးမှုများ ရှိလာသည်။ အွန်လိုင်းအရင်းအမြစ်များကို အသုံးချသော လိမ်လည်ခရီးစဉ်များ၊ ဖွံ့ဖြိုးမှုအားနည်းသောအုပ်စုများကို ပစ်မှတ်ထားသော အလုပ်အကိုင်အတုများသည် ရွှေ့ပြောင်းသွားလာသူများအတွက် ထောင်ချောက် ဖြစ်လာမည်။ ရွှေ့ပြောင်းအလုပ်သမားများသည် လူကုန်ကူးခံရနိုင်ခြေ ပိုများသည်။ နိုင်ငံတစ်နိုင်ငံသို့ အသစ်ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများသည်လည်း တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုဖြစ်ပါက လူကုန်ကူးခံရနိုင်ခြေ ပိုများသည်။
လူကုန်ကူးမှုဖြစ်ပွားရသည်မှာ တိုင်းပြည်ဖွံ့ဖြိုး မှုနောက်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်းနှင့် အုပ်ချုပ်ရေးပိုင်းတွင် အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းတို့က အခြေခံအချက်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် လူကုန်ကူးမှုသို့မဟုတ် ခေတ်သစ်ကျွန်ပြုမှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများကို အလေးထားဖြေရှင်းရန် လိုအပ်သည်။ ပြည်သူတို့အနေဖြင့် လူကုန်ကူးသူ လူပွဲစားများ၏ မက်လုံးပေးစည်းရုံးမှုမှ တစ်ဆင့် လူကုန်ကူးခံရသည့်သားကောင် မဖြစ်စေရေးအတွက် အထူးသတိပြုဆင်ခြင်ကြရန် လိုအပ်သည်။
၂၀၂၂ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄)ရပ်ဖြစ်သော လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာအသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။