အာဇာနည်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်ကြပါစို့
မျိုးငြိမ်းငယ်
သမိုင်းမှပေးသင်ခန်းစာ
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဆိုလျှင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးတို့ ကျဆုံးခဲ့သည်မှာ ၇၅ နှစ်ပင်တိုင်ချေပြီ။ ပျောက်သောသူရှာလျှင်တွေ့၊ သေသောသူကြာလျှင်မေ့ ဟုဆိုတတ်ကြသည်။ သို့သော် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၇၅ နှစ်ရှိလာသည့်တိုင် မြန်မာနိုင်ငံသားတို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို မမေ့နိုင်။ မေ့နိုင်ဖွယ်လည်းမရှိပါချေ။ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် ကြိုးစားရုန်းကန်ရင်း အသက်စွန့်ခဲ့ကြရသော ခေါင်းဆောင်ကြီးများကို မည်သို့မျှမေ့ပျောက် နိုင်လိမ့်မဟုတ်ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများသည် နိုင်ငံတစ်ဝန်းတော်လှန်တိုက်ခိုက်ခဲ့ကြသည့် နယ်ချဲ့တော်လှန်ရေးအောင်မြင်၍ လွတ်လပ်ရေးရခါနီးဆဲဆဲတွင် လုပ်ကြံခံခဲ့ရသည်။
လွတ်လပ်ရေးဖခင်ကြီးများကို လုပ်ကြံခဲ့သူများမှာ နယ်ချဲ့တို့မဟုတ်၊ တိုင်းတစ်ပါးသားတို့မဟုတ်။ ကိုယ့်နိုင်ငံသားများပင်ဖြစ်သည်။ ကိုယ့်နိုင်ငံသားများကို နယ်ချဲ့တို့ကနောက်ကွယ်မှ ကြိုးကိုင်၍ လုပ်ကြံခဲ့ကြသည်။ လွတ်လပ်ရေး ဦးဆောင်ကြိုးပမ်းသူများအား လုပ်ကြံလိုက်၍ မြန်မာနိုင်ငံလွတ်လပ်ရေးမရခဲ့လျှင် မည်သူတို့နစ်နာကြမည်နည်း။ လွတ်လပ်ရေးသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အတွက်မဟုတ်။ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားအတွက်ဖြစ်သည်။
လုပ်ကြံသူများက ထိုသို့မမြင်။ ပုထုဇဉ်လူသား တို့၏သဘောသည် လောဘ၊ ဒေါသ၊ မောဟတို့ ဖုံးလွှမ်းလာလျှင် ဆင်ခြင်တုံတရား ကင်းမဲ့လာတတ်ကြသည်။ အမှား/အမှန်ခွဲခြားဆုံးဖြတ်နိုင်စွမ်း နည်းလာတတ်ကြသည်။ ထို့အတွက်ဖြစ်လာသည့် အကျိုးဆက်သည် နိုင်ငံအတွက်အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရသည်။ ထို့ထက်ရင်နာစရာကောင်းသည်မှာ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းနေသူများကို ကိုယ့်နိုင်ငံသားက လုပ်ကြံခဲ့ကြသည်မှာ နိုင်ငံ့သမိုင်းအတွက် သင်ခန်းစာယူစရာပင်ဖြစ်သည်။
နိုင်ငံချစ်စိတ် မျိုးချစ်စိတ်
နယ်ချဲ့တို့က မြန်မာနိုင်ငံအား ကျူးကျော်သိမ်းပိုက်၍ သီပေါမင်းနှင့်မိဖုရားတို့အား ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် နိုင်ငံတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးခဲ့ရပြီးနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေးခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့်နေ့သည် နိုင်ငံသားအားလုံးအတွက် ဝမ်းနည်းဖွယ်အကောင်းဆုံး နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။ နိုင်ငံအတွက် လှေလှော်ရင်းတက်ကျိုးခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားခဲထားသောပန်းတိုင်နှင့် လက်တစ်ကမ်းအလိုတွင်အဖြစ် ဆိုးကြုံခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရေးသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက်၊ မျှော်လင့်ချက်၊ ပြည်သူများကိုပေးချင်ဆုံးအရာဖြစ်သည်။ သူ၏ဘဝနှင့်လွတ်လပ်ရေးသည် တစ်သားတည်းဖြစ်ခဲ့သည်ကို တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သိတတ်စကျောင်းသား ဘဝအရွယ်ကတည်းကပင် နိုင်ငံ့လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ကြိုးစားခဲ့သည်။ နယ်ချဲ့လက်အောက်နေခဲ့ရသည့် ဖိနှိပ်ခံ၊ နှိမ့်ချခံဘဝကို ခံစားခဲ့ရသူပီပီ လွတ်လပ်ရေး၏ တန်ဖိုးကိုနားလည်ခဲ့သည်။ လွတ်လပ်သောပြည်သူ တစ်ယောက်၏ဘဝကို တောင့်တခဲ့သည်။ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံး လွတ်လပ်ရန်သူ၏ ဘဝတစ်ခုလုံးကို နှစ်မြှုပ်ခဲ့သည်။ တက္ကသိုလ်တက်သည့် ကျောင်းသားဘဝသည်ပင် အမှန်တကယ်က နိုင်ငံရေးလုပ်သည့်ဘဝသာ ဖြစ်ခဲ့သည်ကိုတွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် ကိုယ်ပိုင်ဘဝဆိုသည်ထက် သေဆုံးသည့်အချိန်အထိ ပြည်သူများအတွက် ဘဝသာဖြစ်ခဲ့ပါသည်။ လေးစားအတုယူဖွယ် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝတစ်လျှောက် ထိုသို့လုပ်ဆောင်မှုနှင့် စိတ်သဘောထားကိုကြည့်လျှင် နိုင်ငံချစ်စိတ်၏ အဓိပ္ပာယ်နှင့်မျိုးချစ်စိတ်၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာတွေ့ရပြီး မျိုးဆက်သစ်များအတွက် အတုယူစရာဖြစ်ပါသည်။
မျိုးချစ်စိတ်ဆိုသည်ကို တိုင်းပြည်နှင့်လူမျိုးကို ချစ်ခင်သောစိတ်ဓာတ်ဟု အဘိဓာန်ကဖွင့်ဆိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်နှင့် လူမျိုးကို ချစ်ခင်သောစိတ်သာမကပါ။ ကိုယ်ကျိုးစွန့်၍ ပေးဆပ်မှု၊ စွန့်လွှတ်မှုများနှင့် တိုင်းပြည်နှင့် လူမျိုးကိုချစ်ခင်ခဲ့ပါသည်။ ထိုမျိုးချစ်စိတ်ကို လက်တွေ့ကျကျ ပြသခဲ့ပါသည်။
လက်တွေ့လိုက်နာကျင့်ကြံ
မျိုးချစ်စိတ်ဆိုသည်က ချစ်နေရုံဖြင့်ပြီးသည် မဟုတ်။ ပြောနေရုံဖြင့် အကောင်အထည်ပေါ်သည်မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းက မျိုးချစ်စိတ်ကို လက်တွေ့ပြသခဲ့သည်။ ထို့အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် လူထုတစ်ရပ်လုံးစည်းလုံးမှုဖြင့် လွတ်လပ်ရေးပန်းတိုင် အရောက်လှမ်းနိုင်ခဲ့သည်က သက်သေပင်ဖြစ်သည်။ ထိုအလားတူပင် မြန်မာတစ်မျိုးသားလုံး မျိုးချစ်စိတ်ဓာတ် ရှိခဲ့ကြသဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည် မဟုတ်ပါလား။ စုပေါင်းကြိုးစားမှု၏ အသီးအပွင့် လွတ်လပ်ရေးရရှိခဲ့သည် မဟုတ်ပါလား။
မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဖြင့် မြန်မာနိုင်ငံနယ်ချဲ့လက်အောက်ကျရောက်ခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံနေရာအနှံ့အပြား၌ နယ်ချဲ့ကိုတော်လှန် တိုက်ခိုက်ခဲ့ကြသည်။ နယ်ချဲ့ကို တော်လှန်တိုက်ခိုက်ရင်း အသက်စွန့်ခဲ့ကြသူများမှာ မရေမတွက်နိုင်အောင်ပင် ရှိခဲ့သည်။ ထိုသို့ကျရာ တာဝန်မှ ဝိုင်းဝန်းကြိုးပမ်းကြခြင်းကြောင့် ယနေ့မိမိတို့ခံစားနေရသည့် လွတ်လပ်ရေးကြီးရရှိခဲ့ခြင်းပင်ဖြစ်ပါ၏။ ယနေ့ဆိုလျှင် လွတ်လပ်ရေးဖခင်ကြီး များ၏ ကျေးဇူးဖြင့် မိမိတို့အားလုံး လွတ်လပ်သောနိုင်ငံတော်ကြီးတွင် အများနှင့်တန်းတူ နေထိုင်နေကြရပြီဖြစ်သည်။
သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ မျှော်မှန်းခဲ့သည်က လွတ်လပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုထက်ပိုပါသည်။ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်တွင်ပါဝင်သော ငါတို့သည် ဤနေ့ဤအချိန်မှစ၍၊ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿဟရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင်ထိန်းသိမ်းမည်။ ဟူသောအဓိဋ္ဌာန်ကို လိုက်နာကျင့်ကြံ၍ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သော၊ တိုးတက်သောနိုင်ငံအဖြစ် တည်ဆောက်ရန် ဆက်လက်လုပ်ဆောင်ကြရဦးမည်ဖြစ်ပါသည်။ ယင်းသို့ကြိုးပမ်းကြရာတွင် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို ဗိုလ်ချုပ်အောင်ဆန်း လက်တွေ့လိုက်နာကျင့်ကြံသကဲ့သို့ ကိုယ်စီ ကိုယ်စီလိုက်နာကြမှသာ ရည်မှန်းချက်တို့ အကောင်အထည်ပေါ်လာမည်ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေး
ယနေ့မိမိတို့နိုင်ငံတော်ကြီးအား ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရန်ဆိုပါက လွတ်လပ်ရေးကြိုးပမ်းစဉ်ကကဲ့သို့ပင် အမျိုးသားညီညွတ်ရေးလိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးညီညွတ်မှုမှာ ယင်းနိုင်ငံ၏ အင်အားဖြစ်ပါသည်။ ထို့အတူမြန်မာနိုင်ငံအနာဂတ်ခရီးအတွက် အရေးပါဆုံးအခြေခံလိုအပ်ချက်လည်း ဖြစ်ပါသည်။ မြန်မာ့သမိုင်းအဆက်ဆက် နိုင်ငံတည်ဆောက်ရေးတွင် အမျိုးသားညီညွတ်ရေးကို အဓိကထောက်တိုင်အဖြစ် တွေ့ရပါသည်။ တိုင်းရင်းသားလူမျိုးများနှင့် မတူကွဲပြားမှုများပြားသော မိမိတို့နိုင်ငံတွင် ရေရှည်ခိုင်မာသော အမျိုးသားညီညွတ်ရေးတည်ဆောက်ရန် အထူးလိုအပ်ပါသည်။
အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝနိုင်ငံရေး လောကသို့ စတင်ခြေချသည့် ၁၉၃၅ ခုနှစ်မှ ကျဆုံးခဲ့သည့် ၁၉၄၇ ခုနှစ်အထိ နှစ်ပေါင်း ၁၂ နှစ်အတွင်း အမျိုးသားညီညွတ်ရေး တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။ ယနေ့ဆိုလျှင် မိမိတို့နိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၇၄ နှစ်ကျော်ပြီဖြစ်သည်။ အမျိုးသားညီညွတ်ရေးမှာ မြင့်တုံနိမ့်တုံ ဖြင့် ခရီးဆက်နေရဆဲဖြစ်သည်။ အမျိုးသားညီညွတ်ရေး အားနည်းနေသမျှ နိုင်ငံတည်ဆောက်ရေး အခက်အခဲများရှိနေဦးမည် ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည ပင်လုံမြို့ စော်ဘွားများထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက “ယခုအစည်းအဝေးတွင် ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံးဖြစ်ပါတယ်။ ကျွန်တော်သည်ကို ရောက်လာတဲ့ကိစ္စ နားလည်တာတစ်ခုရှိပါတယ်။ ဘာလဲဆိုလျှင် မြန်မာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ်၊ သည်ဟာပါပဲ။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဟို့လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ကြိုးစားလာပါ တယ်။ နောင်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်” ဟု ပြောကြားခဲ့ပါသည်။ မှတ်သားလိုက်နာဖွယ်ဖြစ်ပါသည်။
ယနေ့လည်း ထို့အတူပင်။ နိုင်ငံ၏ရည်မှန်းချက် ပန်းတိုင်သို့ အရောက်လှမ်းဖို့ဆိုပါလျှင် ညီညွတ်ကြရမည်ဖြစ်ပါသည်။ သို့မှ ကြီးပွားတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ပဋိပက္ခသံသရာမှရုန်းထွက်
ယခုဆိုလျှင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၇၅ နှစ်ရှိပြီဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် နိုင်ငံတော်အဖြစ် ဆက်လက်တည်ဆောက်ကြရဦးမည်ဖြစ်သည်။ ထိုသို့တည် ဆောက်ရာတွင် ပထမဦးစွာလိုအပ်သည့် ပြည်တွင်းပဋိပက္ခသံသရာမှ ရုန်းထွက်ရေးအတွက်အဖြေမှာ ငြိမ်းချမ်းရေးဟုမြင်ပါသည်။ မိမိတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးနှင့် သက်ဆိုင်သောငြိမ်းချမ်းရေးတွင် အတိမ်အနက်၊ ရှုပ်ထွေးနက်နဲမှုများရှိနေသည်မှာ မှန်သော်လည်း ပြည်ထောင်စုနိုင်ငံသားအားလုံးအတွက် မရှိမဖြစ်လိုအပ်သည့် ထိုငြိမ်းချမ်းရေးကို စုပေါင်းဖြေရှင်းကြမည်ဆိုပါကအဖြေသည် လက်တစ်ကမ်းတွင် ရှိနေသည်ဟုလည်း ယုံကြည် မိပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါ့မယ်ဆိုသည့် သန္နိဋ္ဌာန်စိတ်ထားကဲ့သို့ပင် ပဋိပက္ခသံသရာမှရုန်းထွက်ရန်ဆိုပါလျှင် လုံးလုံးငြိမ်းချမ်း တဲ့အထိ စုပေါင်းအဖြေရှာကြရမည် ဖြစ်ပါသည်။
မျိုးဆက်သစ်တို့အတွက်အမွေ
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများသည် မျိုးဆက်သစ်တို့အတွက် အသက်သွေးချွေးတို့ပေးဆပ်ပြီး တာဝန်ကျေခဲ့ပြီးကြပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင် သူ၏ကြိုးစားမှု အသီး အပွင့် လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော ပြည်သူများ၏ ဘဝကို မြင်မသွားရရှာခဲ့ပါ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ကြိုးစားအားထုတ်မှု၊ ရလာသောရလဒ်တို့အပေါ် တမလွန်ဘဝမှ ကျေနပ်နေမည်ဟု ယုံကြည်ပါသည်။ မိမိတို့သည်လည်း သရက်ပင်စိုက်ပျိုးသော အဘိုးအိုပမာ မိမိစိုက်ပျိုးသောအပင်မှ အသီးကို မိမိစားသုံးရသည်ဖြစ်စေ၊ မစားသုံးရသည်ဖြစ်စေ အနာဂတ်မျိုးဆက် သစ်တို့အတွက် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ယင်းမှာ မျိုးဆက်အသီးသီး၏ တာဝန်ပင်မဟုတ်ပါလား။
မိမိတို့မျိုးဆက်အဆင့်ဆင့် တာဝန်ကျေမှသာ နိုင်ငံသည်လည်း အဆင့်ဆင့်တိုးတက်လာမည်ဖြစ်ပါသည်။ ထိုသို့တိုးတက်လာရန် ကြိုးစားကြရဦးမည်ဖြစ်ပါသည်။ ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်သားဖွယ်စကားကို ထပ်မံညွှန်းလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှတို့ထံ လွတ်လပ် ရေးအတွက် အရေးဆိုရာ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်နေ့တွင် ဘိလပ်သို့ သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏ ဖိတ်မန်ချက်အရ သွားရမည့်ဆဲဆဲတွင် “ခါးတောင်း ကျိုက် မဖြုတ်ကြနှင့်” ဟု ပြည်သူလူထုအား အသင့်ရှိစေရန်မှာကြားခဲ့သည်ဟု မှတ်သားရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရကို ရရမည်ဆိုသည့် ရည်မှန်းချက်အတိုင်း သူကိုယ်တိုင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့ပါသည်။ ထို့အတူ ပြည်သူလူထု တစ်ရပ်လုံးကိုလည်း အားမလျှော့ကျရန်မှာကြားခဲ့ပါသည်။ မိမိတို့အားလုံးသည်လည်း ငြိမ်းချမ်းရေးရသည်အထိ ခါးတောင်းကျိုက်မဖြုတ်ဘဲ ကြိုးစားခြင်းဖြင့် အာဇာနည်ခေါင်းဆောင်ကြီးအား ကျေးဇူးဆပ်ကြပါစို့ဟု တိုက်တွန်းလိုပါသည်။
ကိုးကား
(ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ၊ စာပေဗိမာန်)