Skip to main content

နယ်စပ်ဒေသ၊ သမ/ကျေးလက်နှင့် တိုင်းဧရာတို့သည်

မြင့်စိုး(နတလ)

မက်မန်းမြို့က ဖုန်းခေါ်သံ

“ဟဲလို . . . .အဘရေ ကျွန်တော် ကိုဗလပါဗျ”

ဇွန်လ ၁၇ ရက်နေ့ နံနက်ခင်းမှာ ကျွန်တော့်ထံသို့ အစောဆုံးဝင်ရောက်လာသော ဖုန်းခေါ်သံဖြစ်သည်။ ဖုန်းဆက်သူမှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ မက်မန်းမြို့တွင် နေထိုင်သော ကိုဗလဖြစ်သည်။ သူ့နာမည်ရင်းက ကိုမိုးခိုင်၊ သို့သော် မည်သူကမျှ ကိုမိုးခိုင်ဟုမခေါ်၊ မက်မန်းနဲ့ ကျိုင်းတုံဒေသ တစ်ခုလုံး သူ့ကို သိသမျှလူတွေက ကိုဗလဟုပဲ ခေါ်ကြသည်။ ခေါ်၍သာ ခေါ်နေကြသည်ဗလကောင်း ကောင်းထောင်ထောင်မောင်းမောင်း လည်းမဟုတ်ပြန်ပါချေ။ သေးသေးညှက်ညှက်လေးဖြစ်၏။ Nick Name ဟူ၍ပဲ ဆိုကြပါစို့ရဲ့။

“မှတ်မိပါတယ် ကိုဗလရဲ့ ပြောပါဗျ”

“မက်မန်းအထက်တန်းကျောင်းက အယောက် ၂၀ အောင်တယ် အဘရေ”

“ဟာ ဟုတ်လား၊ဝမ်းသာတယ်ဗျာ၊ ဂုဏ်ထူးတွေရော ထွက်ကြတယ်မို့လား”

“ခြောက်ယောက်က ဂုဏ်ထူး တစ်ဘာသာစီပါတယ်ဗျ”

သူဖုန်းဆက်ပြီး မကြာမီမှာပင် မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင် က ဆက်လာပြန်သည်။ ဦးထွန်းလင်းအောင်သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) အမှတ်စဉ်(၁)ကျောင်းဆင်း ဖြစ်သည်။ ထို့ပြင်တဝသူသည်ပရဟိတ (ကျား)ကျောင်းထွက်၊ ‘ဝ’တိုင်းရင်းသား တစ်ဦးဖြစ်နေ၍ လေးမျက်နှာပရဟိတ ကျောင်းထွက်၊ ကျွန်တော်နှင့်လာ၍ ရေစက်က ဆုံနေပြန်ပါသည်။

“အေး -ကိုထွန်းလင်းအောင်ရေ၊ မက်မန်းအထက်တန်းကျောင်း အောင်ချက်ကို သိရပါပြီ၊ တစ်ခုပဲမှာချင်တယ်၊ မက်မန်းအထက်တန်းကျောင်းမှာ ကိုယ်လာပြီး ဟောပြောတုန်းက ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ် ဝင်ခွင့်စာမေးပွဲအတွက် လေ့လာဖို့ မေးခွန်းဟောင်းတွေပေးခဲ့တယ်။ ကလေးတွေ လေ့လာနိုင်အောင် ဆောင်ရွက်ပေးပါကွာ”

၂၀၁၈ ခုနှစ်ထဲမှာ နတလဝန်ထမ်း ဘဝနှင့် မက်မန်းမြို့လေးသို့ပထမဆုံး အကြိမ်ရောက်ရှိခဲ့သည်။ ယခုနှစ် မတ်လ ၄ရက်နေ့မှာ ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့သည့် ခရီးစဉ်ကမူ အငြိမ်းစားဝန်ထမ်းဘဝနှင့် ဖြစ်ပါသည်။ ထို့နေ့မွန်းလွဲပိုင်းမှာ မက်မန်း အထကမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့် တွေ့ဆုံ၍ စာမေးပွဲအောင်မြင်အောင် ကြိုးစားလေ့ကျင့်ဖြေဆိုကြရန် အားပေးတိုက်တွန်းခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာသူများအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့ တက်ရောက်သင်ယူခွင့်ရရှိရေး ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။ ကိုရင်လေးများ အပါအဝင်ကျောင်းမှ ၄၆ ဦး၊ ပြင်ပဖြေ ၁၇ ဦး၊ စုစုပေါင်း ၆၃ ဦး တက်ရောက်နားထောင်ကြသည်။ သည်အထဲကမှ ၂၀ အောင်မြင်ခဲ့ကြပါပြီ။ ကြည်နူးဝမ်းသာရှိလိုက်ပါဘိ။

ဒုတိယမြောက် မင်္ဂလာသတင်း

ထိုနေ့မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပေးခဲ့သောကြောင့် တယ်လီဖုန်းလိုင်းဖွင့်လိုက်သည်နှင့် အောင်မြင်သည့်သားငယ် သမီးငယ်များကို ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုကြတာတွေ ပလူပျံနေပါတော့သည်။ ကျွန်တော့်အသိမိတ်ဆွေများ၏ သားငယ်သမီးငယ်များကို ကျွန်တော်လည်း ဝင်ရောက်ဂုဏ်ပြုပေးခဲ့သည်။ ထိုအချိန် မှာပဲနတလဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးပေးပို့ လိုက်သော မင်္ဂလာသတင်းတစ်ခု ရောက် လာ ပါတော့သည်။ အထကခေါင်လန်ဖူးစာစစ်ဌာနမှ ကိုးယောက် အောင်မြင်သည်။ ဂုဏ်ထူးများလည်း ထွက်ကြသည်…တဲ့။ ရော်…ဝမ်းသာလိုက်သည်ဖြစ်ခြင်း။ သိပ်မကြာမီမှာပင် ခေါင်လန်ဖူးမြို့နယ်ပညာရေးမှူး ဆရာမကြီး နန်းရီရီသန်းက Viber မှ အောင်စာရင်းကိုထပ်မံပေးပို့လာပါသည်။ ၃၅ ယောက်ဖြေ၊ ကိုးယောက်အောင်၊ သုံးဘာသာဂုဏ်ထူး သုံးယောက်၊ တစ်ဘာသာဂုဏ်ထူး နှစ်ယောက်ပါဝင်ပါသည်။ တော်လိုက်ကြတဲ့ ခေါင်လန်ဖူး၊ ဇန်ယော့၊ ရှိန်းခေါင်က သားသမီးတွေ၊ စာမေးပွဲအောင်ရုံမျှမက ဂုဏ်ထူးတွေ တောင်ထွက်လိုက်ကြသေး။အပင်ပန်းခံ စေတနာထားသင်ကြားပေးသည့် ဆရာ၊ ဆရာမများကိုလည်း အထူးပဲလေးစား ကျေးဇူးတင်မိသည်။

ကျွန်တော်နှင့် ခေါင်လန်ဖူး၏ ရေစက်က အလွန်ပင် ကြီးမားနက်ရှိုင်းခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊နတလမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် မဂွေဇ-ခေါင်လန်ဖူး ကားလမ်း ၆၅/၄ မိုင်ဖောက်လုပ်နေမှုကို ကြီးကြပ်ကွပ်ကဲရန် ၂၀၁၈ ခုနှစ် မတ်လမှာ ပူတာအိုမှတစ်ဆင့် နောင်မွန်၊ ပန်နန်းဒင်ဒေသများသို့ စတင်ရောက်ဖူးခဲ့သည်။ ထိုစဉ်က မဂွေဇ-ခေါင်လန်ဖူး ကားလမ်းသည်မိုင်တိုင် ၃၀ သို့ပင် မရောက်သေးပါ။ ထိုမှ ၃၃/၆ မိုင်ရှိ အမြင့် ပေ၇၇၀၀ ကျောက်တောင်ကြီးကို မိုင်းများခွဲ၍ ကျားကုတ်ကျားခဲ ဖောက်ခဲ့ကြရသည်။ ကားလမ်းဖောက်နေရင်းက မရောက်ဖူးသေးသော ခေါင်လန်ဖူးဒေသ၏ ပညာရေးကိုစေ့ငုကြည့်မိသည်။ သည်ဒေသမှ အထက ခေါင်လန်ဖူး၊ အထက ဇန်ယော့၊ အထက (ခွဲ) ရှိန်းခေါင် ကျောင်းများရှိကြသည်။ ကလေးတွေ ၁၀တန်းမအောင်ကြတာ ၁၀နှစ်ခန့် ရှိပြီဟု ကနဦးသတင်းစကားများ ကြားခဲ့ရသည်။ သေချာလေ့လာမေးမြန်းကြည့်သောအခါ ၂၀၁၃-၁၄ ပညာသင်နှစ်မှ ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ တစ်ဦးသာရှိခဲ့ကြောင်း၊ ကလေးများ ကြုံတွေ့နေရသည့် အခက်အခဲများမှာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များအချိန်မီ မရောက်ခြင်း၊ လျှပ်စစ်မီး လုံလောက်စွာမရခြင်း၊ ရာသီဥတုအေးလွန်း၍ အနွေးထည်နှင့် အဝတ်အထည်များလိုအပ်ခြင်း၊ ရိက္ခာဆန်များကို ရွာမှပြန် သယ်နေရ၍စာသင်ချိန် ပျက်ကွက်ခြင်း၊ သင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမများ လိုအပ်နေခြင်းတို့ဖြစ်ကြောင်း သိရပါသည်။ ထိုလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရေးအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ထုတ်ကြေးမုံသတင်းစာတွင် “ခေါင်လန်ဖူးက မှာတမ်းစာ”အမည်ရှိ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ ရေးသားတင်ပြရကျိုးနပ်ခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့ အစီအစဉ်ဖြင့် ခေါင်လန်ဖူး၊ ဇန်ယော့၊ ရှိန်းခေါင်ဒေသမှ ကျောင်းသား၊ ကျောင်းသူ ၄၉ ဦးအား ပူတာအိုမြို့ အထကကျောင်းတွင် Camp သွင်း၍ သုံးလကျော်ခန့် ဆရာ၊ ဆရာမများက သင်ကြားလေ့ကျင့်ပေးခဲ့ရာ ၂၀၁၉-၂၀ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်ဦးအောင်မြင်ခဲ့သည်။ ထိုကလေး နှစ်ဦးအပါအဝင် ပူတာအိုလူငယ်သင်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့်ကလေးများ၊ သင်ကြားပေးသည့်ဆရာ၊ ဆရာမများကို ဂုဏ်ပြုချီးမြှင့်ရန်အတွက် ကျွန်တော်နှင့်ကျွန်တော့်မိတ်ဆွေများ ဖြစ်ကြသော ကိုငွေစိုး၊ ကိုလှထွန်းဖြူတို့က ငွေကျပ် ၁၇ သိန်း ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။ ထိုကဲ့သို့ ပြန်လည်ကြိုးစားခဲ့ရသော ခေါင်လန်ဖူးဒေသ၊ ယခုနှစ်မှာတော့ ယင်းဒေသမှ ဆရာ၊ ဆရာမများက စေတနာထား၊အပင်ပန်းခံ သင်ကြားပေးခဲ့ကြသောကြောင့် အောင်မြင်မှု သရဖူ ဆောင်းခဲ့ကြပါပြီ။လှိုက်လှဲဝမ်းသာ ဖြစ်ခဲ့ရပါ၏။

လူငယ်သင်တန်းကျောင်းများ၏ အောင်မြင်မှု

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်သည့်အခါတိုင်း ကျွန်တော် သတိတရမေးမြန်းလေ့ရှိသည်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိနယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်းများ၏ အောင်မြင်မှုများပဲ ဖြစ်ပါသည်။ ကျွန်တော် နတလဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလကတည်းက ရောက်သည့်နေရာမှာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ယင်းကျောင်းများသို့ ဝင်ရောက်ကြည့်ရှုရင်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူလေးများနှင့် သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အောင်မြင်အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ဂုဏ်ထူးထွက်လျှင် ဆုချမည်ဟု ကတိကဝတ်ပြုခဲ့သည်။ ကတိပြုခဲ့သည့်အတိုင်း ဝန်ကြီးဌာန၏ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာသော သူတို့လေးတွေကို တစ်ဘာသာ တစ်သိန်းနှုန်းကျွန်တော် ဂုဏ်ပြုခဲ့ပါသည်။ သူတို့လည်းပျော် ကျွန်တော်လည်း ပျော်ခဲ့ရဖူးပါသည်။

ယခုနှစ် အောင်မြင်မှုကတော့ ပိုမိုတိုးတက်လာကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးထံမှ သိရသည်။ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုသူ ၈၇၄ ဦး၊ အောင်မြင်သူ ၅၃၇ဦး၊ အောင်မြင်မှုရာခိုင်နှုန်း ၆၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်ပြီး ငါးဘာသာဂုဏ်ထူး ရရှိသူနှစ်ဦး၊ သုံးဘာသာ ၄၃ဦး၊ နှစ်ဘာသာ ၆၂ ဦး၊ တစ်ဘာသာ ၂၀၂ ဦး ရရှိခဲ့ကြောင်း သိရသည်။ ထိုအထဲကမှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းများမှာ ကြာအင်းဆိပ်ကြီး လူငယ်ကျောင်းက ၁၀၀ ရာခိုင်နှုန်း၊ တီးတိန် လူငယ်ကျောင်းက ၉၉ ဒသမ ၄၄ရာခိုင်နှုန်း၊ ပင်းတယ လူငယ်ကျောင်းက ၉၀ ဒသမ ၂၀ ရာခိုင်နှုန်း၊ မအူပင်လူငယ် ကျောင်းက ၈၈ ဒသမ ၀၀ ရာခိုင်နှုန်း၊ ဆိုက်ခေါင်လူငယ်ကျောင်းက ၈၂ ဒသမ ၅၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ အောင်မြင်မှု

ကျွန်တော်ရောက်ရှိတာဝန် ထမ်းဆောင်နေသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းသားသမီးများအနေဖြင့်လည်း အချို့က နယ်စပ်ဒေသ ရုံးအသီးသီးမှာ သွားရောက်နေထိုင် ဖြေဆိုခဲ့ကြသူများ ဖြစ်ကြသည်။ ရခိုင်ပြည်နယ်သမဝါယမဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ခင်ခင်လှိုင်၏ သမီး မသိင်္ဂီဖြိုးသည် ခြောက်ဘာသာ ဂုဏ်ထူးရရှိခဲ့သည်။ ထို့အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးလှခိုင်နှင့် ဇနီး ဒေါ်မီမီထွေးတို့၏ သမီး မရွှန်းလဲ့မီမီခိုင်သည်လည်းပဲ ခြောက်ဘာသာဂုဏ်ထူး ဆွတ်ခူးနိုင်ခဲ့သည်။ မိမိတို့ဝန်ကြီးဌာနမှ ဖြေဆိုသူ ၁၇၃ ဦး၊ အောင်မြင်သူ ၁၁၈ဦး အောင်မြင်မှုရာခိုင်နှုန်း၆၈ဒသမ၂ ရာခိုင်နှုန်းရှိပြီးခြောက်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ငါးဘာသာ လေးဦး၊ လေးဘာသာ ခုနစ်ဦး၊ သုံးဘာသာ ခြောက်ဦး၊ နှစ်ဘာသာ ၁၃ဦး၊ တစ်ဘာသာ ၃၁ ဦး ဂုဏ်ထူးထွက်ခဲ့ကြသည်။

ရင်ခုန်သံနည်းနည်းမြန်ခဲ့သည်

တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းထွက်သည်နှင့် ကျွန်တော့်မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ရိုးသားကြိုးစားဧရာဝတီသားများ၏ အောင်မြင်မှုများကိုလည်း ချက်ချင်းကြားခဲ့ရသည်။ လေးမျက်နှာအထကကျောင်းမှ ခြောက်ဘာသာဂုဏ်ထူးရှင် သမီးငယ်တစ်ဦးထွက်ပေါ်လာသည်။ လှော်ကထား အထကမှလည်း လေးဘာသာဂုဏ်ထူးရှင်တွေ ပေါ်ထွက်လာသည်။ ကညင်တိုင်းအထက(ခွဲ)မှ သုံးဘာသာဂုဏ်ထူးရှင် သမီးငယ်လေးက ဝိဇ္ဇာဘာသာတွဲမှာ ဧရာဝတီတိုင်းအတွင်းအဆင့် ၉ဝင်ခဲ့ကြောင်း သိရသည်။ အောင်မြင်မှု ရာခိုင်နှုန်းအရ ယင်းဆယ်အထက(ခွဲ)က ပထမ၊ ရေဖြူ အထက(ခွဲ) ဒုတိယ၊ ပန်းတောကြီး အထက တတိယ၊ နင်းကြမ်းအထက စတုတ္ထ၊ မဲဇလီအထက ပဉ္စမ၊ လှော်ကထားအထက ဆဋ္ဌမတို့ဖြစ်ကြောင်း ကြားသိခွင့်ရခဲ့သည်။ နိုင်ငံတော်အနေဖြင့် အနာဂတ်လူငယ်လူရွယ်များအတွက် ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသများ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျောင်းသား တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပေပြီ။ တစ်နိုင်ငံလုံးအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၈၈ ရာခိုင်နှုန်း ရှိခဲ့သည်။ နယ်စပ်ဒေသ၏ အောင်မြင်မှုများ၊ မွေးရပ်မြေတိုင်း ဧရာဝတီ၏ အောင်မြင်မှုများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အောင်မြင်မှုများကြောင့် ထိုနေ့က ကျွန်တော်ရင်ခုန်သံနည်းနည်းမြန်ခဲ့သည်။ လှိုက်လှဲဝမ်းသာပီတိဖြစ်ခဲ့ရ၏။။