လျှပ်စစ်ယာဉ်များအကြောင်း တစေ့တစောင်း
ဝိုင်တူးကေ(စက်မှု)
ယနေ့ကမ္ဘာကြီးတွင် လူသားများသည် လူမှုစီးပွားဘဝများအတွက် နေ့စဉ်သွားလာ လှုပ်ရှားနေကြရပြီး တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် ယာဉ်များသည် မရှိမဖြစ် အရေးပါသောကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။
လောင်စာစွမ်းအင်သုံး ယာဉ်များဖြစ်သော အတွင်းပိုင်း မီးလောင်ပေါက်ကွဲပြီးရရှိသည့် စွမ်းအင်ဖြင့် အင်ဂျင် (Internal Combustion Engine - ICE) သုံးယာဉ်များကို စတင်အသုံးပြုခဲ့ကြသည်။ ယနေ့အချိန်အခါတွင် ကမ္ဘာလုံးဆိုင်ရာ၌ စွမ်းအင်အရင်းအမြစ်များ ဖြစ်သည့် ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ နျူကလီးယား စွမ်းအင်၊ ဇီဝလောင်စာ၊ ရေအားလျှပ်စစ်၊ လေစွမ်းအင်၊ နေစွမ်းအင်တို့မှ လိုအပ်သည့် စွမ်းအင်ကို ထုတ်ယူသုံးစွဲနေကြပြီ ဖြစ်ပါသည်။ ထိုကဲ့သို့ အသုံးပြုရာတွင် အဓိကရုပ်ကြွင်းလောင်စာ (Fossil Fuel) များသည် ပမာဏ အကန့်အသတ်ရှိပြီး ပညာရှင်များက နောင်နှစ်ပေါင်း (၃၀)မှ (၅၀)နှစ်အတွင်း ကုန်ဆုံးသွားမည်ဖြစ်ကြောင်း သုံးသပ်ထားမှုများလည်း ရှိနေပါသည်။
ထို့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်ရန် လောင်စာဆီ အစားထိုးယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာသစ်များနှင့် ပညာရပ်ပိုင်းဆိုင်ရာများတွင် လေ့လာသင်ယူမှုများ၊ သုတေသနပြုလုပ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်၍ စွမ်းအင်ခြိုးခြံချွေတာနိုင်သော အင်ဂျင်များ၊ စွမ်းအင်သုံးစွဲမှုကို ရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သည့် စွမ်းအင်ပေါင်းစပ် အသုံးပြုသည့်ယာဉ်များ (Mild Hybrid & Strong Hybrid)၊ လျှပ်စစ်ယာဉ်များ (Electric Vehicle -EV) စသည့် အမျိုးအစားယာဉ်များ ပြောင်းလဲထုတ်လုပ် သုံးစွဲလာကြခြင်း ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဒေသတွင်းနိုင်ငံအချို့၌ စွမ်းအင်ခြိုးခြံချွေတာနိုင်ရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ (CO2)ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်ယာဉ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုရေးအတွက် လမ်းပြမြေပုံများ(Roadmap)၊ ဆောင်ရွက်ရမည့်အစီအစဉ် (Action Plan)များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
လျှပ်စစ်ယာဉ်များ၏ အလုပ်လုပ်ပုံနှင့် သမိုင်းကြောင်း
Hybrid Electric Vehicle (HEV) ဆိုသည်မှာ လောင်စာဆီအသုံးပြုသည့် အင်ဂျင်နှင့် ဘက်ထရီပါဝါအရင်းအမြစ် နှစ်မျိုးဖြင့် တစ်လှည့်စီ ယာဉ်ကို မောင်းနှင်ခြင်းဖြစ်သည်။ HEV တွင် ဘက်ထရီအတွက် လိုအပ်သည့်စွမ်းအင်ကို Engine မှတစ်ဆင့် Charging သွင်း၍ အားပြန်လည် ဖြည့်ဆည်းပေးခြင်းဖြစ်ပါသည်။ ကားစတင်ထွက်ခွာချိန်တွင် လျှပ်စစ်မော်တာဖြင့်သာ မောင်းနှင်ခြင်းဖြစ်သည်။ ပုံမှန်မောင်းနှင်ချိန်တွင် ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်အင်ဂျင်ဖြင့် မောင်းနှင်ပြီး အရှိန်မြှင့် မောင်းနှင်ချိန်တွင် အင်ဂျင်အပြင် လျှပ်စစ်မော်တာအားပါပေါင်းပြီး အားနှစ်မျိုးဖြင့် မောင်းနှင်ခြင်းဖြစ်သည်။
၁၉၀၀ ပြည့်နှစ်တွင် ဩစတြေးလျနိုင်ငံသား အင်ဂျင်နီယာ Ferdinard Porsche က ပထမဆုံး HEV ကို စတင်တီထွင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၁၉၁၇ ခုနှစ်တွင် UK အခြေစိုက် Woods Motor Company က လေးလုံးထိုးအင်ဂျင် HEV ကို စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းသည်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ၁၉၆၀ - ၁၉၇၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံသား လျှပ်စစ်အင်ဂျင်နီယာက HEV ကို တီထွင်အောင်မြင်ခဲ့သော်လည်း အမေရိကန်အစိုးရက ၎င်းပရောဂျက်အတွက် ထပ်မံရင်းနှီးမြှုပ်နှံခြင်း မရှိတော့သဖြင့် ပရောဂျက်ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ရပါသည်။
၁၉၈၉ ခုနှစ်တွင် AUDI ကားကုမ္ပဏီမှ ထုတ်လုပ်သော AUDI Duo ကားသည် Hybrid ခေတ်သစ်ကား ဖြစ်လာခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် TOYOTA မှ Prius ကားဖြင့် စတင်၍ ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ၁၉၉၉ ခုနှစ်တွင် Honda မှ Honda Insight ကားကို စတင်မိတ်ဆက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် TOYOTA မှ Prius (2001 model) ကားအား US သို့ စတင်ရောင်းချခဲ့ရာ အလွန်အောင်မြင်ခဲ့ပြီး HEV ကားများ တွင်ကျယ်လာခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် Honda မှ ထပ်မံ၍ Honda Accord Hybrid ကားကို ထုတ်လုပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် Ford မော်တော်ကားကုမ္ပဏီက ပထမဆုံး Hybrid SUV ကားကို မိတ်ဆက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် Ford Escape ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
Plug in Hybrid Electric Vehicle (PHEV) ဆိုသည်မှာ လောင်စာဆီအသုံးပြုသည့် အင်ဂျင်နှင့် ဘက်ထရီ ပါဝါအရင်းအမြစ် နှစ်မျိုးဖြင့် တစ်လှည့်စီယာဉ်ကို မောင်းနှင်ခြင်းဖြစ်ပြီး တပ်ဆင်ထားသည့် ဘက်ထရီကို အားသွင်းရာတွင် အင်ဂျင်၏ပါဝါမှ သော်လည်းကောင်း၊ ပြင်ပမှ လျှပ်စစ်စွမ်းအင်ဖြင့် သော်လည်းကောင်း အားသွင်းနိုင်သည့် ယာဉ်အမျိုးအစား ဖြစ်ပါသည်။ တစ်နည်းအားဖြင့် EV နှင့် ရိုးရိုး Hybrid Vehicle တို့ ပေါင်းစပ်ထားသည့်ယာဉ် ဖြစ်ပါသည်။ PHEV သည် အခြား Hybrid ကားများ ထက် ဘက်ထရီပိုကြီးသော ကားအမျိုးအစားဖြစ်ပြီး PHEV တွင် Charging Station သီးသန့်မလိုအပ်ဘဲ ဘက်ထရီကို အိမ်သုံးမီတာ အသုံးပြု၍ Charging သွင်းကာ Motor ကို မောင်းနှင်ခြင်းဖြစ်ပါသည်။ နေ့စဉ်သုံး ခရီးတိုအတွက် EV mode နှင့် အသုံးပြုနိုင်ပြီး ခရီးဝေးအတွက် စတင်သည့်အချိန်တွင် EV mode နှင့် မောင်းနှင်ခြင်းဖြစ်ပြီး Battery အားကုန်သွားပါက Engine မှ Drive ပြုလုပ်သည့် Hybrid Vehicle mode အနေဖြင့် မောင်းနှင်ခြင်း ဖြစ်သည်။
Plug in Hybrid Electric Vehicle (PHEV) များအား ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစတင်၍ အသုံးပြုလာခြင်းဖြစ်ပါသည်။ Plug-in ဟု ခေါ်ရခြင်းမှာ Hybrid ကားကို ပလပ်ထိုးပြီး ဘက်ထရီအားသွင်းကာ မောင်းနှင်နိုင်သောကြောင့် ဖြစ်သည်။ PHEV ကားများသည် ရိုးရိုးအင်ဂျင်သုံးကားများထက် လောင်စာဆီ၏ စွမ်းအင်ကို ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုပြီးထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် PHEV များသည် ဈေးကွက်တွင် အမျိုးအစား (၂၅)မျိုးကျော် စတင်မိတ်ဆက်၍ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး PHEV ဈေးကွက်ကို ပိုင်ဆိုင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် General Motor ကုမ္ပဏီသည် PHEV ထုတ်လုပ်မှုအတွက် မိတ်ဆက်ရန် အစီအစဉ်များ ကြေညာခဲ့ပါသည်။
၂၀၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ MLIT (Ministry of Land, Infrastructure, Transport and Tourist) သည် TOYOTA ကုမ္ပဏီမှ ထုတ်လုပ်သည့် PHEV များကို အများပိုင်လမ်းများပေါ်တွင် အသုံးပြုနိုင်ရန်အတွက် အသိအမှတ်ပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ တရုတ်နိုင်ငံသည် BYD Automobile ကုမ္ပဏီမှ ထုတ်လုပ်သည့် PHEV ယာဉ်ကို ၂၀၀၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် VOLVO Group ကုမ္ပဏီမှ PHEV ကို စတင်မိတ်ဆက်လာခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ TOYOTA Prius PHEV သည် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် လာခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် Honda Accord PHEV သည် US တွင် စတင်ရောင်းချခဲ့ပြီး အဆိုပါနှစ်မှာပင် Mitsubishi Outlander PHEV သည် ဂျပန်ဈေးကွက်မှ ပထမဆုံး SUV PHEV ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Mercedes Benz PHEV သည် ဂျာမနီနိုင်ငံမှ မှတ်ပုံတင်တင်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
Battery Electric Vehicle (BEV) ဆိုသည်မှာ ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကိုရယူ၍ ယာဉ်ကို မောင်းနှင်သည့် ယာဉ်အမျိုးအစားဖြစ်ပါသည်။ BEV သည် ဘက်ထရီပါဝါဖြင့် လည်ပတ်မောင်းနှင်ခြင်းဖြစ်ပြီး ဘက်ထရီကို အားပြန်သွင်းနိုင်ရေးအတွက် Charging Station မဖြစ်မနေလိုအပ်သည့် ယာဉ်အမျိုးအစားဖြစ်ပါသည်။ Charging Station အသုံးပြုရာတွင် Home Charging Station နှင့် Public Charging Station နှစ်မျိုးရှိပြီး လောင်စာဆီ အသုံးပြုထားခြင်း မရှိသောကြောင့် Zero Emission Vehicle (ZEV) ဟုလည်း နိုင်ငံအချို့က ခေါ်ဝေါ်သုံးစွဲကြပါသည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လုံးဝမရှိသည့် ယာဉ်ဖြစ်သောကြောင့် ရေရှည်မျှော်မှန်း အသုံးပြုသင့်သည့် ယာဉ်အမျိုးအစား ဖြစ်ပါသည်။
BEV များကို ၁၈၉၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံသား လျှပ်စစ်အင်ဂျင်နီယာ Gustave Trouv ၊ အင်္ဂလန်နိုင်ငံသား လျှပ်စစ်အင်ဂျင်နီယာ Thomas Parker နှင့် ဂျာမနီနိုင်ငံသား စွန့်ဦးတီထွင်သူ Andreas Flocken တို့ပူးပေါင်း၍ စတင်တီထွင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံတွင် BEV များကို ၁၉၃၁ ခုနှစ်တွင် ကျယ်ပြန့်စွာ ထုတ်လုပ်လာခဲ့ကြပြီး ၁၉၆၇ ခုနှစ်၌ ကမ္ဘာပေါ်တွင် လျှပ်စစ်ယာဉ်အသုံးပြု မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါသည်။ General Motors (GM) သည် California Air Resources Board (CARB) ၏ တင်းကျပ်သော ဓာတ်ငွေ့ထုတ်လွှတ်မှု သတ်မှတ်ချက်များအတွက် ၁၉၉၀ ပြည့်နှစ်တွင် Impact ဟု ခေါ်သော BEV တစ်စီးကို စတင်ထုတ်လုပ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်မှစ၍ ၂၀၀၃ ခုနှစ်များအတွင်း BEVs အစီး ၅၆၀၀ ခန့် ထုတ်လုပ်နိုင်ခဲ့ပါသည်။
သို့သော်လည်း ကားထုတ်လုပ်သူတချို့၏ CARB အတွက် BEV လိုအပ်ချက်များကို ပျက်ပြယ်စေသည့် တရားစွဲမှုကို စတင်ခဲ့သောကြောင့် BEV အများစုကို အငှားချထားကာ အားလုံးနီးပါးကို ထုတ်လုပ်သူများက ပြန်လည်သိမ်းဆည်း ဖျက်သိမ်းခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှစတင်ကာ BEV (Nissan Leaf) များကို ဈေးကွက်တွင် စတင်မိတ်ဆက် ရောင်းချခဲ့ပါသည်။ Nissan Leaf ကို မိတ်ဆက်ပြီး နောက်ပိုင်း US တွင် BEV အစီး၂၇၅၀၀၀ အထိ ရောင်းချနိုင်ခဲ့ပါသည်။ အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် BEV ထက်ဝက်ခန့်သည် ကယ်လီဖိုးနီးယားသို့ ရောင်းချနိုင်ကာ ကယ်လီဖိုးနီးယားတွင် BEV ဈေးကွက်ဝေစု အခိုင်အမာ ရရှိထားခြင်း ဖြစ်ပါသည်။
၂၀၁၄ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံသည် Tesla မှထုတ်လုပ်သော Luxury များ ထုတ်လုပ် ရောင်းချလာနိုင်ခဲ့ပြီး ထုတ်လုပ်သည့် BEV များ အနက် ၄၅ ရာခိုင်နှုန်းသည် Compact Passenger Vehicles များ ဖြစ်ကြပါသည်။ သို့ရာတွင် BEV များသည် အခြေခံကုန်ကျစရိတ် မြင့်မားခြင်းကြောင့် အမေရိကန်မော်တော်ကားစျေးကွက် ထိုးဖောက်ရာတွင် ကန့်သတ်ချက် ရှိလာကြောင်း တွေ့ရှိရပါသည်။
Electric Vehicle ကဏ္ဍတွင် အောင်မြင်နေသော ကုမ္ပဏီများ
(က) Tesla Motor Co., Ltd. ၏ နောက်ခံသမိုင်း
၂၀၀၃ ခုနှစ်တွင် Tesla Motor Co., Ltd သည် Silicon Valley Engineers အုပ်စုကို စတင်၍ တည်ထောင်ဆောင်ရွက်ခဲ့သည်။ ကျော်ကြားသော Physicist ဖြစ်သည့် Nikola Tesla ကို အစွဲပြု၍ Tesla အမည်ကို သတ်မှတ်ခေါ်ဝေါ် သုံးစွဲခြင်း ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အင်ဂျင်နီယာနှစ်ဦး ဖြစ်သည့် Martin Eberhard နှင့် Marc Tar penning တို့ ပေါင်းစည်း၍ စတင်ဆောင်ရွက်ခဲ့ကြသည်။ ကုမ္ပဏီ၏ ပထမဆုံးသော ထုတ်ကုန်သည် Tesla Roadster ဟုခေါ်သည့် စွမ်းဆောင်ရည် မြင့်မားသည့် Electric Sport Car အမျိုးအစား ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် စျေးကွက်သို့ စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းအချိန်ရှ ိစျေးနှုန်းသည် USD 109,000 ဖြစ်ပြီး စုစုပေါင်း အစီး ၂၄၅၀ ရောင်းချနိုင်ခဲ့ပါသည်။
First Generation Models သည် အား တစ်ကြိမ်သွင်းပြီးပါက မိုင် ၃၀၀ ထက် သွားလာနိုင်ပြီး 0 ~ 60 mph ကို ၅.၅ စက္ကန့်တွင် ရောက်ရှိနိုင်သည်။ ၂၀၁၄ ခုနှစ်တွင် Tesla Model X ကို စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အားတစ်ကြိမ်သွင်းပြီးပါက မိုင် ၃၂၀ ထက် သွားလာနိုင်ပြီး 0~ 60 mph ကို ၄.၅ စက္ကန့်တွင် ရောက်ရှိ နိုင်သည်။ Giant Battery Factory စက်ရုံတည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် Fully operate လုပ်နိုင်ခဲ့သည်။ စက်ရုံမှ ထုတ်လုပ်သော ဘက်ထရီစျေးနှုန်း၏ ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ရန် ဆောင်ရွက်ခဲ့သည်။ Model 3 ကို ၂၀၁၆ ပထမ လေးလတွင် စတင်ထုတ်လုပ်နိုင်ခဲ့ပြီး ဘက်ထရီစျေးနှုန်း နိမ့်ကျခြင်းကြောင့် ကုမ္ပဏီသည် Model 3 ကို USD 35,000 ဖြင့် ရောင်းချနိုင်ခဲ့သည်။
National Transportation Safety Board (NTSB) က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စုံစမ်းလေ့လာမှုများ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီး Tesla ၏ Auto Pilot နှင့် inattentive driver သည် crash တွင် ဖြစ်နိုင်ခြေရှိသည့် အချက်များဖြစ်ကြောင်း သုံးသပ်ခဲ့သည်၊။ Tesla သည် တရုတ်နိုင်ငံတွင် ပထမဦးဆုံး Western Automaker ဖြစ်လာပြီး Model 3 ကို တစ်ပတ်လျှင် အစီး ၃၀၀၀ နှင့် တစ်နှစ်လျှင် အစီး ၅၀၀၀၀၀ ထုတ်လုပ်ခဲ့သည်။
(ခ) BYD Co.,Ltd.၏ ၏ နောက်ခံသမိုင်း
BYD Co.,Ltd. ကို ၁၉၉၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၀.၃ သန်းဖြင့် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီဝန်ထမ်း ၂၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၀၀ ပြည့်နှစ်တွင် Motorola သို့ Li-Ion Battery Supply လုပ်သည့် ပထမဆုံး တရုတ်ကုမ္ပဏီ ဖြစ်လာခဲ့ပါသည်။ BYD ကုမ္ပဏီသည် ၂၀၀၃ ခုနှစ်တွင် Automobile Industry သို့ စတင်ဝင်ရောက်လာခဲ့ပြီး BYD F3 ကို ၂၀၀၅ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် Warren Buffett က ချီးမြှင့်သည့် World’s First Dual Model Electric Car F3 Dm ကို ရရှိခဲ့ပြီး၂၀၁၀ ပြည့်နှစ်တွင် BYD နှင့် Daimler New Technology Company တို့သည် Pure EVs ဖွံ့ဖြိုးတိုးတက်ရန် အကျိုးတူပူးပေါင်း၍ Electric Taxi 96 ကို ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့ပြီး ဖြန့်ဖြူးခဲ့ခြင်း ဖြစ်သည်။
BYD ကုမ္ပဏီသည် BYD Pure Electric Bus ကို ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး BYD North American Head Quarter ကိုလည်း လော့စ် အိန်ဂျလိစ်၌ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် BYD ကုမ္ပဏီသည် North American Electric Bus နှင့် Iron Phosphate Battery စက်ရုံများတွင် PHEV အမျိုးအစားဖြင့် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် ပထမဆုံးသော Electric Bus များသည် ၂၀၁၄ ခုနှစ်တွင် ဈေးကွက်အတွင်း ရောက်ရှိလာကာ ဘရာဇီးနိုင်ငံတွင် စက်ရုံထူထောင်မည့် အစီအစဉ်အား စတင်ကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း World’s Largest EV Charging Station ကို တရုတ်နိုင်ငံ၌ ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး BYD နှင့် Daimler New Technology Company တို့ပူးပေါင်း၍ DENZA Pure Electric Model ကို ၂၀၁၄ ခုနှစ်တွင် ဈေးကွက်အတွင်း စတင်မိတ်ဆက် နိုင်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ EV ထုတ်လုပ်မှုအဆင့်(၁) ဖြစ်လာခဲ့ပြီး “Powering the Future We Went Initiative” အစီအစဉ်တွင် V.N Special Prize ကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်အတွင်း World’s Premiere Launch of BYD Pure Electric Double Decker Bus ကို လန်ဒန်တွင် စတင်မိတ်ဆက်နိုင်ခဲ့ပါသည်။
ဘက်ထရီများ၏ အခန်းကဏ္ဍ
HEV နှင့် PHEV များသည် ရိုးရိုးသာမန် အင်ဂျင်သုံးယာဉ်များထက် လောင်စာဆီသုံးစွဲမှု နည်းသော်လည်း အသုံးပြုသည့် ဘက်ထရီကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ ရှိနေဆဲဖြစ်ပါသည်။ ယနေ့ခေတ် လျှပ်စစ်သုံးယာဉ်များတွင် Nickel-metal hydride (NiMH) (သို့မဟုတ်) Lithium Ion (Li-Ion) ဘက်ထရီများ အသုံးပြုခြင်းဖြစ်ပါသည်။ နှစ်မျိုးလုံးသည် Lead-based ဘက်ထရီများထက် Environmental friendly ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို သက်သာစေပါသည်။ ဘက်ထရီအမျိုးအစားများတွင် Li-Ion သည် အဆိပ်အတောက် အနည်းဆုံး အမျိုးအစား ဖြစ်ပါသည်။
NiMH များသည် အဆိပ်အတောက်များစွာ ဖြစ်ခြင်းကြောင့် Recycling ပြုလုပ်ခြင်းနှင့် စွန့်ပစ်ခြင်းများတွင် ဘေးကင်းလုံခြုံမှုရှိစေရန် ခက်ခဲပါသည်။ Li-Ion Battery သည် သေးငယ်ခြင်း၊ ပေါ့ပါးခြင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုနည်းခြင်း စသည့် အားသာချက်များရှိသည့်အပြင် စွမ်းအင်သိုလှောင်နိုင်မှုမြင့်မားခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ကြာရှည်အသုံးခံခြင်း စသည့်အချက်များကြောင့် လျှပ်စစ်သုံးယာဉ်များတွင် အသုံးပြုသည့် ဘက်ထရီများကို Li-Ion Battery များဖြင့် အသုံးပြုလာကြခြင်း ဖြစ်ပါသည်။ ဘက်ထရီထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာတွင် တရုတ်နိုင်ငံသည် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်)